“မျှော်လင့်ချက် ခြေလှမ်းသစ်ဆီသို့”

Paralegal – Ah Sae

                နိုင်ကတ်မရှိခြင်းကြောင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေသော၊ မသန်စွမ်းသော်လည်း စိတ်ဓာတ်ကြံ့ခိုင်သည့် အာခါအမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်မှန်အကြောင်း။

ဒေါ်ဆားမြေးသည် အသက် (၆၉) နှစ်ရှိပြီး ကျိုင်းတုံမြို့၊ ကတ်ဖအုပ်စု၊ ပါချဲန်ရွာတွင် နေထိုင်သော အာခါလူမျိုး တစ်ယောက် ဖြစ်ပါသည်။ သူမသည် ငယ်ရွယ်ချိန်က ကျောင်းမနေခဲ့ရသည့်အတွက် စာလုံးဝ မဖတ်တတ်ပါ။ စာမတတ်သည့်အပြင် အထွေထွေဗဟုသုတလည်း လုံးဝမရှိပါ။ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ခရီးသွားလာဖို့ အတွက်သာ လိုအပ်သည်ဟု ယူဆထားသော ကြောင့် နိုင်ကတ်ကို လုံးဝမလျှောက်ခဲ့ဖူးပါ။ နိုင်ကတ်မရှိသောကြောင့် နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်သော အခွင့်အရေးများကိုလည်း ထပ်ခါတလဲလဲ ဆုံးရှုံးခဲ့ရပြီး ခရီးထွက်သောအခါ တွင်လည်း အခက်အခဲများစွာ ကြုံခဲ့ရဖူးသည်။ မွေးရာပါနိုင်ငံသားဖြစ်သော်လည်း နိုင်ငံသား ဖြစ်ကြောင်း သက်သေတစ်ခုခုမပြနိုင်လျှင် နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။

ဒေါ်ဆားမြေးသည် နိုင်ငံသားတစ်ဦးဖြစ်သော်လည်း သက်သေအထောက်အထား မပြနိုင်သောကြောင့် နိုင်ငံသားတစ်ဦးရရှိမည့် အခွင့်အရေးကို အကြိမ်ကြိမ် လွဲခဲ့ရဖူးသည်။
ဒေါ်ဆားမြေးသည် ကျိုင်းတုံမြို့၊ မိုင်းနောဖာတအုပ်စု၊ ဖရှဲရွာသားနှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက် ထွန်းကားပြီးချိန်တွင် အိမ်ထောင်ရေးပြဿနာကြောင့် ခင်ပွန်းဖြစ်သူနှင့်စိတ်ဆိုးပြီး (၄) နှစ်အရွယ်ရှိ သမီးလေးကိုခေါ်ကာ မိဘများနေထိုင်သော ပါချဲန်ရွာသို့ ပြန်လာခဲ့သည်။ မိဘနှင့်အတူနေရင်း ခေါပုတ်ထောင်းကာ အနီးအနားရွာတွင် သွားရောက်လှည့်ပတ်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါသည်။ တစ်ရက်တွင် ခေါပုပ်ထောင်းသွားရောင်းစဉ် ဗကပ သောင်းကျန်းသူများမှ လမ်းတွင်မြှုပ်ထားခဲ့သောဗုံးကိုနင်းမိပြီး ခြေထောက်ထိကာ ဆေးရုံတက်ရာတွင် ဒူးအောက်အထိ ခြေထောက်ဖြတ်ခဲ့ရပါသည်။ ခြေထောက်ဖြတ်ရသည့်အချိန်တွင် ဒေါ်ဆားမြေးသည် အသက် (၂၃) နှစ်သာ ရှိသေးသည်။ ခြေထောက် ဖြတ်ပြီးနောက်ပိုင်း အမျိုးသားဆီ လုံးဝမပြန်တော့ဘဲ ပါချဲန်ရွာတွင်သာနေထိုင်ခဲ့သည်။ ကြုံလာသမျှ အခက် အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်းနှင့် ကျော်ဖြတ်လာခဲ့သည်မှာ အသက် (၆၉) နှစ် တိုင်သည်အထိ ယခုကဲ့သို့နေလာခဲ့သည်။
ဒေါ်ဆားမြေးသည် အာခါစကားတစ်မျိုးတည်းကိုသာ တတ်ကျွမ်းမှုကြောင့် နိုင်ကတ်လျှောက်ရာတွင် ဘာသာစကားအခက်ခဲရှိနေခြင်း၊ လျှောက်ထားမှုလုပ်ငန်းစဉ်များကို မသိနေခြင်း၊ ရုံးဌာနများသို့ မသွားရဲခြင်း၊ ခြေထောက်ဖြတ်ထားသောကြောင့် သွားလာရေး ခက်ခဲမှုှရှိနေခြင်းတို့ကြောင့် နိုင်ကတ်ကို လုံးဝမလျှောက်ဖြစ်ခဲ့ပါ။
ဒေါ်ဆားမြေး၏ မိသားစုမှာ သမီး (၁) ဦးနှင့် မြေး (၄) ဦး စုစုပေါင်း (၅) ဦးရှိပြီး အသက်မွေးဝမ်းကျောင်း အဖြစ် လယ်ယာစိုက်ပျိုးသည့်အပြင် တနိုင်တပိုင်မွေးမြူရေးပါ လုပ်ကိုင်ပါသည်။
ဟောင်းနွမ်းနေသော ချိုင်းထောက်လေးဖြင့် တစ်ယောက်တည်း သွားလာလှုပ်ရှားနေပါသည်။ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရသောကြောင့် ငွေကြေးကလည်း အဆင်မပြေဖြစ်နေရာ လျှောက်ထားမှုအတွက်ကိုလည်း လုံးဝမစဉ်းစားဖြစ်ခဲ့ပါ။
ဒေါ်ဆားမြေးသည် နိုင်ကတ်မရှိသော်လည်း သူ၏သမီးနှင့်မြေးများကို ကျေးရွာအုပ်စုသို့ လဝကမှ ကွင်းဆင်းချိန်တွင် အတတ်နိုင်ဆုံးဖြေလျော့မှုများဖြင့် နိုင်ကတ်များကို ပြုလုပ်ပေးခဲ့ပါသည်။ (၁၀) မိုင်ခန့် ဝေးသောရွာတွင် ကွင်းဆင်းလုပ်ပေးသော်လည်း ခြေတဖက်ဖြင့်သွားလာရန် ခက်ခဲသောကြောင့် နိုင်ကတ် မလျှောက်ဖြစ်ခဲ့ပါ။
ဒေါ်ဆားမြေး၏ မြေးဖြစ်သူမှာ မယ်ဆိုင်တွင် အလုပ်လုပ်နေသည်။ ဒေါ်ဆားမြေးမှာ မြေးဖြစ်သူဆီကို သွားလည်ချင်သဖြင့် ကြံရာမရဘဲ သူနှင့် အသက်ရွယ်တူဖြစ်သူတစ်ဦးထံမှ နိုင်ကတ်တစ်ခုကိုငှားရမ်းပြီး သွားရောက်ခဲ့ရာ ပထမအကြိမ်တွင်မူ အဆင်ပြေခဲ့သည်။ ဒုတိယအကြိမ်တွင်မူ ကိုင်ဆောင်ထားသည်မှာ သူမ၏နို်င်ကတ်မဟုတ်ကြောင်း စုပေါင်းဂိတ်တွင် စစ်ဆေးတွေ့ရှိသွားသဖြင့် အရေးယူခံရကာ ဆက်သွားခွင့် မရတော့ဘဲ ကျိုင်းတုံမြို့သို့ပြန်လာခဲ့ရသည်။
ထိုအချိန်တွင်မှ ဒေါ်ဆားမြေးသည် နိုင်ကတ်၏အရေးကြီးပုံကို အနည်းကျဉ်းစသိလာခဲ့သည်။ သိလာခဲ့ သော်လည်း လျှောက်ထားမှုလုပ်ငန်းစဉ်ကိုနားလည်ပြီး ဦးဆောင်ခေါ်သွားပေးမည့်သူမရှိသောကြောင့် စိတ်လျှော့ပြီး မလုပ်ဖြစ်ခဲ့ပါ။ ကျိုင်းတုံမြို့တွင် ICRC အဖွဲ့မှ ဖွင့်လှစ်ထားသော ခြေတုဆေးရုံသို့ ခြေတုအစားထိုးဆေးကုသခံရန်အတွက် သွားရောက်စုံစမ်းရာတွင် နိုင်ငံသားကိုသာခွင့်ပြုသည့်အတွက် နိုင်ကတ်မရှိခြင်းကြောင့် ဆေးကုသမှုလည်း မရခဲ့ပါ။
ကျန်းမာရေးအခွင့်အရေးများ ဆုံးရှုံးရသည်ကို ဒေါ်ဆားမြေး တွေ့ကြုံရပြန်သည်။ နိုင်ကတ်သည် သူ့အတွက် အဘယ်မျှအရေးကြီးကြောင်း နားလည်လာခဲ့ပြီး နိုင်ကတ်လျှောက်ရန် စတင် ကြိုးစားလာခဲ့သည်။
အထောက်အထား စာရွက်စာတမ်းများ လျှောက်ထားမှုနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသော Braveheart အဖွဲအစည်းအကြောင်းကို ဘေးရွာမှပြောပြသဖြင့် သူမ သိခဲ့ရပြီးနောက် Braveheart အဖွဲ့အစည်းတွင် အလုပ်လုပ်နေသော Paralegal ကို အကူအညီတောင်းခံခဲ့သဖြင့် Paralegal က သွားရောက်တွေ့ဆုံခဲ့ပြီး မတ်လတွင် အမှုတွဲစတင်ဖွင့်လှစ်ခဲ့ပါသည်။
ဒေါ်ဆားမြေးသည် သွားလာရာတွင်လည်း ဆိုင်ကယ်မရှိ၊ ငှားဖို့ငွေကြေးလည်း အဆင်မပြေသောကြောင့် Paralegal ကိုယ်တိုင် သူမရွာမှနေပြီး အုပ်ချုပ်ရေးမှူးဆီသို့ခေါ်သွားကာ ဒေါ်ဆားမြေး၏အခက်အခဲကို ပြောပြပြီး လိုအပ်သောထောက်ခံစာများကို ရယူခဲ့ပါသည်။
အုပ်ချုပ်ရေးမှူးကလည်း သဘောကောင်းစွာ လိုအပ်ရင်ပြောပါ ကူညီနိုင်တာကိုကူညီပေးပါမည်ဟု ပြောလာသည်။ ထောက်ခံစာယူပြီးနောက် လဝကရုံးသို့ Paralegal ကိုယ်တိုင် ခေါ်လာပေးခဲ့ပါသည်။
ဒေါ်ဆားမြေးသည် အသက်ကြီးနေခြင်း၊ မိဘနှင့်သက်ဆိုင်သော စာရွက်စာတမ်းအထောက်အထား လုံးဝ ရှိမနေခြင်းတို့ကြောင့် လဝကဦးစီးမှူးက (၆) ဦးကော်မတီကို လက်မှတ်ထိုးခိုင်းပါသည်။
(၆) ဦးကော်မတီများဖြစ်သော ရဲစခန်း၊ ဥပဒေရုံး၊ သမဝါယမရုံး၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ အထွေထွေ အုပ်ချုပ်ရေး ရုံးများသို့လိုက်ပို့ပြီး လက်မှတ်များရယူခဲ့ပါသည်။ ထောက်ခံစာများ အစုံယူပြီးသည်နှင့် လဝကရုံးသို့ စာရွက်စာတမ်းများတင်ပြပြီး လျှောက်ထားနိုင်ခဲ့ပါသည်။
ဒေါ်ဆားမြေးသည် နိုင်ကတ်လျှောက်ထားခဲ့ပြီးနောက် ရွာသို့ပြန်ကာ နိုင်ကတ်ရမည့်ရက်ကို စောင့်မျှော် နေခဲ့သည်။ သူမအဖြစ်ချင်ဆုံးဖြစ်သော ခြေတုတပ်ဆင်ခြင်းလုပ်ငန်းစဉ်အတွက် နိုင်ကတ်ရရှိရေးကို ရင်ခုန်စွာဖြင့် အချိန်တစ်လကျော်စောင့်ခဲ့ပြီးနောက် မေလတွင် အောင်မြင်စွာ ထုတ်နိုင်ခဲ့ပါသည်။ ဒေါ်ဆားမြေးတစ်ယောက် နိုင်ကတ်ရလာပြီးနောက် အခွင့်အရေးကောင်းတစ်ခုဖြစ်သော နိုင်ငံတော်မှ ကျန်းမာရေးအတွက် ပံ့ပိုးပေးသောထောက်ပံ့ကြေးရရှိနိုင်ဖို့ရန် အုပ်ချုပ်ရေးမှူးက ဆက်သွယ်လာပြီး လိုအပ်သောအချက်အလက်များကို တင်ပြနိုင်ခဲ့ပါသည်။
သူမအဖြစ်ချင်ဆုံး ခြေတုတပ်လုပ်ငန်းစဉ်ကိုမူ မလုပ်ရသေးပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ကတ်ရပြီးသည် နှင့်တစ်ပြိုင်နက် လယ်လုပ်ငန်းချိန်ဖြစ်နေခြင်းကြောင့် အချိန်မပေးနိုင်သေးခြင်း၊ မိုးတွင်းဖြစ်သောကြောင့် လမ်းများသွားလာရန် ခက်ခဲနေခြင်းကြောင့် ခြေတုတပ်လုပ်ငန်းကို လယ်လုပ်ငန်းပြီးမှလုပ်တော့မည်ဟု ဒေါ်ဆားမြေးက ပြောပါသည်။
ယခုဆိုလျှင် ဒေါ်ဆားမြေးအနေဖြင့် ကျန်းမာရေးအတွက်သာမက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများ ကိုပါ ရရှိလာပြီး လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်သည်။
နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်ရှိပါသည်။ သို့သော်ထိုအခွင့်အရေးများရယူနိုင်ရန် အတွက် နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ရန် သက်သေခံတစ်ခုခုရှိဖို့ လိုအပ်ပါသည်။ ကျေးရွာ အတွင်းရှိလူထုအားလုံး နိုင်ငံသားအခွင့်အရေးရရှိရန်အတွက် ထိရောက်သော အသိပညာပေးမှုများ ပိုမိုပံ့ပိုး ပေးသင့်ပါသည်။ လျှောက်ထားမှုလုပ်ငန်း လက်လှမ်းမီနိုင်ရန်အတွက် အကြံဉာဏ်ပေးနိုင်မည့် စေတနာ့ဝန်ထမ်းများကိုလည်း မွေးထုတ်ပေးသင့်ပါသည်။