“မျှော်လင့်ချက်များ လင်းလက်လာခြင်း”
Paralegal – Dee Na
နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိခြင်းကြောင့် သူငယ်ချင်းများနည်းတူ တန်းတူအခွင့်အရေးမရရှိဘဲ အခွင့်အရေးများဆုံးရှုံးနေခဲ့သော တောင်ပေါ်သားတစ်ယောက်အကြောင်း။
လားဟူလူမျိုးများနေထိုင်သော ဖားရံလုံတောင်ပေါ်ရွာလေးတစ်ရွာတွင် အိမ်အိုလေးတစ်အိမ်ထဲမှ အမြဲတမ်း စိတ်မချမ်းသာစွာနှင့် စိတ်သောကရောက်နေရသူတစ်ဦးကတော့ အသက် (၂၁) နှစ်ရှိသူ မောင်မာဿဲ ဖြစ်သည်။
ပျော်ရွှင်စရာအိမ်ထောင်တစ်ခုကို သူများနည်းတူဖန်တီးပြီး နေချင်သော်လည်း မောင်မာဿဲတစ်ယောက် နိုင်ကတ်မရှိခြင်းကြောင့် စိတ်မပျော်ရွှင်ရပါ။ မရှိတဲ့ အကြောင်းရင်းကတော့ မိဘကိုယ်တိုင် နိုင်ကတ် အရေးကြီးမှန်းမသိခြင်း၊ လျှောက်ထားမှုလုပ်ငန်းစဉ်များ မသိခြင်းကြောင့် နိုင်ကတ်မပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။
မောင်မာဿဲ၏ရွာထဲရှိ သူငယ်ချင်းအများစုသည် မိုင်းလားမြို့မှ လက်ဖက်ခူးလုပ်ငန်းတွင် တစ်ရက်လျှင် ယွမ် ၁၀၀ (ခန့်မှန်းခြေ ၂၁၀၀၀ ကျပ်) ဖြင့် သွားရောက်လုပ်ကိုင်နေကြပါသည်။ မောင်မာဿဲသည် သူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ရန်သွားခဲ့ပါသည်။ စစ်ဆေးရေးဂိတ်ရောက်သည့်အချိန်တွင်မူ နိုင်ကတ် စစ်ဆေးနေသောကြောင့် မိမိမှာမရှိသဖြင့် ပြန်လာခဲ့ရပါသည်။
မောင်မာဿဲတစ်ယောက် နိုင်ကတ်မရှိခြင်းကြောင့် ခရီးသွားလာရေးတွင် အဆင်မပြေခဲ့သည်ဖြစ်ရာ နိုင်ကတ်အရေးကြီးကြောင်းကို စပြီးသဘောပေါက်လာသည်။ နိုင်ကတ်ရရှိရန်အတွက် ရွာသူကြီးထံသို့ သွားရောက်မေးမြန်းကြည့်ရာ ရွာသူကြီးက “ငွေကုန်ကြေးကျများတယ်၊ အချိန်လည်းကုန်တယ်၊ လွန်ခဲ့တဲ့ အချိန်က ရွာကိုကွင်းဆင်းပြီး လဝကက လာလုပ်ပေးခဲ့တယ်။ ငွေကုန်ကြေးကျမတတ်နိုင်ရင် သူတို့ လာလုပ်ပေးတဲ့အချိန်ကို စောင့်နေပါ” ဟု သူကြီးက ရှင်းပြပါသည်။ မောင်မာဿဲလည်း စိတ်ဓာတ်ကျစွာနှင့် လက်လျှော့ပြီး ပြန်လာခဲ့ရသည်။
မောင်မာဿဲ၏ သူငယ်ချင်းများကတော့ နိုင်ကတ်ရှိပြီး လွတ်လပ်စွာသွားလာလုပ်ကိုင်ခွင့်လည်းရှိနေရာ ဝင်ငွေကောင်းသဖြင့် မိသားစုကိုလည်း တဖက်တလမ်းက ပံ့ပိုးပေးနေကြသည်ကိုကြည့်ပြီး အရမ်းကို အားကျခဲ့ရပါသည်။ မောင်မာဿဲတစ်ယောက် အားကျရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ တစ်နေ့တစ်ချိန်ကြရင် သူငယ်ချင်းတွေလို ပျော်ရွှင်စွာနှင့် သွားလာလုပ်ကိုင်နိုင်ပြီး ဝင်ငွေရရှိခဲ့ပါက မိသားစုကို တဖက်တလမ်းကနေ ပံ့ပိုးပေးလာ နိုင်မည်ဟု မျှော်လင့်ခဲ့ပါသည်။
မောင်မာဿဲတစ်ယောက် တစ်နှစ်ထက်တစ်နှစ် အသက်သာကြီးလာပြီး အိမ်ထောင်ကျခဲ့သည့်တိုင် နိုင်ကတ်မရှိခြင်းကြောင့် လက်ထပ်စာချုပ်ကို မချုပ်ဆိုနိုင်ခဲ့ပါ။ ပို၍စိုးရိမ်စရာ ကောင်းလာသည်မှာ မောင်မာဿဲ၏ဇနီးသည် ကိုယ်ဝန်အရင့်အမာနှင့် မွေးဖွားချိန် ရောက်တော့မည်။ ဆေးရုံရောက်ပြီး ကလေးမွေးသည့်အခါ မောင်မာဿဲတွင် နိုင်ကတ်မရှိသည့်အတွက် ကလေးမွေးတိုးကိုလည်း လုပ်ဆောင် နိုင်ဦးမည်မဟုတ်ပါ။ မောင်မာဿဲတစ်ယောက် အရမ်းကို စိတ်ပူပင်သောကရောက်နေရပါသည်။
မမျှော်လင့်ဘဲ တစ်နေ့မှာ ရွာသူကြီးက ကျေးရွာထဲတွင် နိုင်ကတ်မရှိသူ၊ မွေးစာရင်းမရှိသူနှင့် အိမ်ထောင်စု စာရင်းမရှိသူများကို Braveheart အဖွဲ့က လာရောက် အသိပညာပေးမည်ဆို၍ စောင့်နေခဲ့ပါသည်။ အသိပညာလာပေးသည့် Braveheart အဖွဲ့က နိုင်ကတ်ရှိခြင်း၏ကောင်းကျိုးများ၊ မရှိခြင်း၏ဆိုးကျိုးများနှင့် လျှောက်ထားမှုလုပ်ငန်းစဉ်တို့ကို အသေးစိတ်ရှင်းပြခဲ့ပါသည်။
သေချာရှင်းပြခဲ့သော်ငြား မောင်မာဿဲက မမှတ်မိသဖြင့် Paralegal အိမ်သို့သွားကာ နောက်တစ်ကြိမ် ထပ်ပြီးမေးမြန်းခဲ့ရပါသည်။ Paralegal ကတေ့ာ ထပ်ခါထပ်ခါရှင်းပြပြီး လိုအပ်သည့် စာရွက်စာတမ်းများ ရယူထားရန် လမ်းညွှန်ပေးခဲ့ပါသည်။ Paralegal က အကြိမ်ကြိမ် ရှင်းပြခဲ့သည့်တိုင် မသွားတတ်၊ မလုပ် တတ်သောကြောင့် Paralegal ကပင် အစအဆုံး လိုက်လံကူညီဆောင်ရွက်ပေးပြီး စာရွက်စာတမ်း ပြည့်စုံ သည်နှင့် မောင်မာဿဲမရောက်ဖူးသော လဝကရုံးသို့ ခေါ်ဆောင်ပေးသွားခဲ့သည်။
မောင်မာဿဲသည် ကြောက်ကြောက်နှင့် လဝကရုံးသို့ ရောက်သော် Paralegal ကပင် ဦးဆောင်ပြီး ကူညီ ပြောဆိုပေးသဖြင့် လဝကတိုက်နယ်မှူးမှ စာရွက်စာတမ်းများကို စိစစ်ကာ အခြားလိုအပ်ချက်များကိုလည်း ဖြည့်စွက်လုပ်ဆောင်ပေးပြီး အမှုတွဲကိုလက်ခံပေးထားလိုက်သည်။ (၂) ပတ်ကျော်လျှင် နိုင်ကတ်ပြား လာရောက်ထုတ်ယူရန် ချိန်းဆိုပေးခဲ့ပါသည်။
”ကျွန်တော်ထင်ထားတာ လဝကဝန်ထမ်းတွေက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ် ထင်ခဲ့တာ၊ တကယ်ဆို ကြောက်စရာမလိုဘဲ ကောင်းကောင်းမွန်မွန် ပြောကြားပေးတဲ့အတွက် အရမ်းကို ပျော်သွား ပါတယ်။ မကြာခင် နိုင်ကတ်လည်း ရရှိတော့မှာမို့ သူများတွေလို အဆင်ပြေပြေနဲ့ မွေးလာမယ့် သားသမီး အတွက်လည်း စိတ်ပူပင်သောကရောက်နေစရာ မလိုတော့ဘူး။ နိုင်ကတ်ထုတ်ရမယ့်ရက်ကိုပဲ လက်ချိုးရေ ပြီးတော့သာ စောင့်နေခဲ့ရပါတယ်”
မျှော်လင့်တဲ့ရက်ရောက်လို့လာပါပြီ။ Paralegal ကပဲ နိုင်ကတ်သွားထုတ်ဖို့ ဖုန်းဆက်လာသဖြင့် ပျော်ရွှင်စွာနဲ့ပဲ တောင်ပေါ်ကဆင်းလာပြီး လဝကရုံးတွင် နိုင်ကတ် သွားရောက်ထုတ်ယူခဲ့ပါသည်။ ပံ့ပိုးကူညီ ပေးခဲ့သည့် Paralegal ကိုလည်း ကျေးဇူးတင်ကြောင်း ပြောမဆုံးဖြစ်နေပါသည်။
မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုကို စတင်ဖန်တီးခွင့်ရတော့မှာဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင်ရပါသည်။ မိမိကဲ့သို့ နိုင်ကတ်မရှိသေးသည့်သူငယ်ချင်းများကိုလည်း မိမိလိုမဖြစ်အောင် သူတို့ကို ကိုယ်သိသလောက် နိုင်ကတ်အရေးကြီးကြောင်းကို ပြောပြပြီး ချိတ်ဆက်လုပ်ဆောင်ရမည့် နေရာကိုလည်း ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးပါမည်။
တောင်ပေါ်ဒေသများတွင်နေထိုင်သော တိုင်းရင်းသားများသည် မွေးရာပါနိုင်ငံသားများ ဖြစ်သော်လည်း၊ နိုင်ကတ်အရေးကြီးကြောင်း မသိခြင်း၊ လျှောက်ထားမှုလုပ်ငန်းစဉ် မသိရှိခြင်း၊ ဘာသာစကားခက်ခဲခြင်းနှင့် ရုံးဌာနသို့မသွားရဲခြင်းကြောင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးလုနီးပါး ဖြစ်နေကြပါသည်။ ကျေးရွာလူထုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အရေးကြီးကြောင်းနှင့် နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်သော လူထုပညာပေးပွဲများ လုပ်ပေးခြင်းဖြင့် အထောက်အထားမရှိခြင်း၊ အသက်ကြီးပြီး နိုင်ကတ်မရှိခြင်းများကို လျော့ကျစေနိုင်ပါသည်။