“စိုးရိမ်ကြောင့်ကြမှုမှ ကင်းလွတ်သွားခြင်း”
Paralegal – Do Phar
ကမ္ဘာပေါ်တွင် ရှားပါးပြီး လူနည်းစုအဖြစ်သာ ကျန်ရှိတော့သည့် အဲန်လူမျိုး အမျိုးသမီးတစ်ယောက်၏ နိုင်ကတ်မရှိရခြင်း အကြောင်းရင်းနှင့် ထိုသို့နိုင်ကတ်မရှိခြင်းကြောင့် တွေ့ကြုံခဲ့ရသော အခက်အခဲများအကြောင်း။
“ကျွန်မလည်း နိုင်ကတ်မရှိသေးဘူးဆရာ၊ ဘယ်လိုလုပ်ရမလဲ ဆရာ” ဟု အားကိုးတကြီးမျက်နှာနှင့် မေးလိုက် သည့် အဲန်လူမျိုး “မအီလွေ” သည် အသိပညာပေးပွဲ၌ အပြန်အလှန် ဆွေးနွေးမေးမြန်းနေစဉ် အိမ်တံခါးဝ အနီးတွင်ထိုင်လျက် မဝံ့မရဲပြောလာသည်။
“မအီလွေ” သည် ကျိုင်းတုံမြို့နှင့် (၁၅) မိုင်ခန့်ဝေးကွာသည့် မိုင်းလန်းကျေးရွာအုပ်စု၊ မိုင်လင်အဲန်ရွာတွင် နေထိုင်သူူဖြစ်သည်။ ထိုရွာတွင် စာတတ်သူ၊ ဗမာစကားပြောတတ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ တစ်ရွာလုံး နိုင်ကတ်ကို လုပ်ထားရမည်၊ ရှိထားရမည်ဆိုသည်ကို သိထားကြသော်လည်း မည်သို့ပြုလုပ်ရမည်ကိုတော့ မသိကြပါ။ တစ်ရွာလုံးတွင် အထောက်အထား စာရွက်စာတမ်းမရှိသောသူနှင့် နိုင်ကတ်မရှိသူ စုစုပေါင်း (၃၅) ယောက်မျှရှိပြီး “မအီလွေ” ကမူ မိဘ၏နိုင်ကတ်နှင့် အထောက်အထား စာရွက်စာတမ်းများ မရှိခြင်းကြောင့် နိုင်ကတ်လျှောက်ထားရန်အတွက် ခက်ခဲမှုများကို ကြုံတွေ့နေရသူတစ်ဦး ဖြစ်သည်။
“ကျွန်မမှာ မိဘနိုင်ကတ်မရှိတာကြောင့် ကျွန်မအတွက် နိုင်ကတ်လုပ်လို့မရနိုင်ဘူးလို့ မိုင်းလန်းအုပ်စု အရာရှိ တစ်ယောက်က ကျွန်မကိုပြောပါတယ် ဆရာ” ဟု ပြောပြခဲ့သည်။ မအီလွေသည် မိဘမဲ့ဘဝဖြင့် အစ်ကိုဖြစ်သူ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရပြီး မိဘနှစ်ပါးတွင် နိုင်ကတ် ရှိခဲ့ဖူးလား၊ မရှိခဲ့ဖူးလား ဆိုသည်ကိုလည်း မသိရှိကြောင်း ပြောပါသည်။
“ကျွန်မမိဘတွေက ကျွန်မတစ်နှစ်သမီးအရွယ်ကတည်းက ဆုံးသွားခဲ့ကြပါတယ်ဆရာ” ဟု ညှိုးငယ်သော မျက်နှာဖြင့် ပြောလာပါသည်။ မအီလွေသည် နိုင်ကတ်မရှိခြင်းကြောင့် ခရီးမသွားနိုင်၊ ရေခြားမြေခြားမှာ အလုပ် သွားလုပ်ချင်သော်လည်း နိုင်ကတ်မရှိခြင်းကြောင့် သွားမလုပ်နိုင်၊ အဲဒီလိုမလုပ်နိုင်တော့ မိသားစုရဲ့ စားဝတ်နေရေးက အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်းကိုလည်း ပြောပြပါသည်။
အလုပ်သွားလုပ်ချင်သည့်အတွက် နိုင်ကတ်လုပ်ချင်သော်လည်း မိဘများ၏ နိုင်ကတ်ကို အဘယ်သို့ သွားရှာရ မည်ကိုလည်း မသိကြောင်း၊ မိဘနိုင်ကတ်မရှိရခြင်းအတွက် အကျိုးအကြောင်းကို ပြောပြချင်ပါသော်လည်း ဗမာစကားမတတ်ခြင်းနှင့် မည်သို့စလုပ်ရမည်ကို မသိနားမလည်ခြင်းတို့ကြောင့် ယခုအတိုင်း သက်သေခံ ကတ်ပြားမရှိဘဲ နေနေရသည်ဟု ပြောပြခဲ့ပါသည်။
မအီလွေ နိုင်ငံသားကတ်လျှောက်ထားနိုင်ရန်အတွက် သက်သေခံစာရွက်စာတမ်း အထောက်အထားများ ရရှိဖို့ ကြိုးစားရာတွင် မအီလွေ၏အစ်ကိုဖြစ်သူ၌ နိုင်ကတ်နှင့်အိမ်ထောင်စုစာရင်းရှိကြောင်း သိခဲ့ရပါသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူတွင်ရှိနေသော အထစတွင် မအီလွေ၏နာမည် ရှိမရှိကို စစ်ဆေးကြည့်နိုင်ရန်အတွက် မအီလွေ အစ်ကိုဖြစ်သူထံတွင်ရှိသော အိမ်ထောင်စုစာရင်းကို တောင်းယူကြည့်ရာ မအီလွေ၏နာမည် ပါနေသည်ကို တွေ့ရှိခဲ့သည်။
နိုင်ကတ်လျှောက်ထားမူလုပ်ငန်းစဉ်များ
မအီလွေ၏ နိုင်ကတ်လျှောက်ထားမှုအတွက် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ ရရှိရေးကို ကူညီပံ့ပိုးပေးခဲ့သည်။ အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ရယူပြီး လဝကရုံးသို့ တင်ပြလျှောက်ထားရာတွင် မိဘနိုင်ကတ်မရှိသဖြင့် ငါးဦးကော်မတီ ရယူရမည်ဟုပြောလာသောကြောင့် ငါးဦးကော်မတီထောက်ခံချက်ကို သွားရောက်ရယူပေးပြီးနောက် အသက် (၁၈) နှစ် ကျော်နေပြီဖြစ်ရာ တစ်ကြိမ်တစ်ခါမျှ လျှောက်ထားခဲ့ဖူးခြင်း မရှိကြောင်း ဝန်ခံကတိလက်မှတ်၊ အသိသက်သေနှစ်ဦးနှင့် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို ပြန်ယူခဲ့ပြီး အသိသက်သေနှစ်ဦးအနက် တစ်ဦးနေရာတွင် Paralegal မှပင် ပါဝင်လက်မှတ်ရေးထိုးကာ (၁၀.၁၂.၂၀၁၈) တွင် ရုံးဌာနသို့ အောင်မြင်စွာ တင်ပြလျှောက်ထားပေးနိုင်ခဲ့ပါသည်။
(၂၅.၁.၂၀၁၉) တွင် နိုင်ကတ်ကို လဝကတွင် လာရောက်ထုတ်ယူရန်ချိန်းဆိုထားခဲ့သော်လည်း မပြီးစီးသေး ကြောင်းနှင့် ပြီးစီးသွားလျှင် ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းကြားမည်ဖြစ်ကြောင်းပြောပြကာ ပြန်လွှတ် ခဲ့သည်။ တစ်လခန့်ကြာပြီးနောက်ပိုင်း ဖုန်းအဆက်အသွယ်လည်း မရသဖြင့် (၂၅.၂.၂၀၁၉) တွင် ဒုတိယ အကြိမ်မြောက် နိုင်ကတ်ထုတ်ယူရန်သွားခဲ့သော်လည်း မရသေးသဖြင့် (၁၅.၃.၂၀၁၉) တွင် ရအောင်လုပ်ပေး ထားမည်ဖြစ်ကြောင်းပြောပြီး ထပ်မံချိန်းဆိုခဲ့ပြန်ပါသည်။
မအီလွေသည် လာရသည်မှာလည်းဝေး၊ ဆိုင်ကယ်လည်းမရှိသောကြောင့် ဆိုင်ကယ်ကယ်ရီငှားပြီးလာနေရခြင်း ဖြစ်ကြောင်း၊ သွားလာရန်မှာလည်း အခက်အခဲများရှိနေကြောင်းကို ပြောပြခဲ့သည်။ (၁၅.၃.၂၀၁၉)တွင် လဝကသို့ နိုင်ကတ်ရ၊ မရ ကို လဝက တိုက်နယ်မှူးအား သွားရောက်တွေ့ဆုံမေးမြန်းရာတွင် မအီလွေ၏ လျှောက်ထားမှုအမှုတွဲကို မတွေ့တော့ကြောင်း၊ ပျောက်နေကြောင်း နောက်တစ်မျိုး ထပ်ပြောပြန်ပါသည်။
မအီလွေအား လျှောက်လွှာပျောက်သွားသဖြင့် အစကနေပြန်လည် စလျှောက်ထားရမည့် အကြောင်းကို ပြောပြရာတွင် ပြန်လုပ်မည်ဟု ပြောသော်လည်း ဆိုင်ကယ်မရှိသဖြင့် သွားရေးလာရေးသည် ခက်ခဲကြောင်း၊ မြို့များမှာကဲ့သို့ ဆိုင်ကယ်တက္ကစီလည်း မရှိခြင်းကြောင့် အဆင်မပြေသဖြင့် ဆရာကပဲလာကြိုပေးပါဟု ထပ်မံ အကူအညီတောင်းလာရာ သွားကြိုပေးခဲ့ရပြီး (၂၈.၃.၂၀၁၉) တွင် ဒုတိယအကြိမ် ပြန်လည်လျှောက်ထားခဲ့ ပါသည်။ (၄.၄.၂၀၁၉) တွင် နိုင်ကတ် ပြန်လာထုတ်ရန် တိုက်နယ်မှူးကပြန်လည် ချိန်းဆိုခဲ့ပါသည်။ ချိန်းဆိုထား သည့်နေ့ရက်တွင် နိုင်ကတ်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပါသည်။
နိုင်ကတ်ရပြီးကျေးဇူးတင်နေသော မအီလွေ
မအီလွေသည် Paralegal ၏ ပံ့ပိုးကူညီမှုကို လွန်စွာပင်ကျေးဇူးတင်နေပြီး၊ ဆရာတို့သာ ရောက်မလာခဲ့လျှင် နိုင်ကတ်ပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ကတ်မရှိဘဲနေနေရမည်ဖြစ်ကြောင်း ဆရာတို့၏ ပံ့ပိုးကူညီမှုကြောင့် ယခုကဲ့သို့ နိုင်ကတ်ရရှိခဲ့သည့်အတွက် သူမသည် အလွန်ပင်ပျော်ရွှင်ပါကြောင်း၊ ဆရာတို့သာမရှိလျှင် သူသည် နိုင်ကတ်လုပ်ဖို့မဆိုထားနှင့် လိုအပ်သော စာရွက်စာတမ်း ထောက်ခံချက်များ ရယူရန်ကိုပင် မသိကြောင်း၊ လဝက ရုံးဌာနသည် မည်သည့်နေရာတွင် ရှိနေသည်ပင် မသိကြောင်း၊ ယခုကဲ့သို့ အသိပညာပေးဆွေးနွေး နှိုးဆော်ပေးခြင်း၊ ရုံးဌာနများသို့ ကိုယ်တိုင်လိုက်ပါပေးခြင်းများကြောင့် နိုင်ကတ်၏ အရေးကြီးပုံကို နားလည် လာခဲ့ကြောင်း၊ နိုင်ကတ်၏တန်ဖိုးကိုလည်း နားလည်သွားပြီဖြစ်ကြောင်း၊ နိုင်ကတ်လျှောက်ထားမှု လုပ်ငန်းစဉ် ကိုလည်း နားလည်သွားပြီဖြစ်ကြောင်း ဝမ်းသာအားရပြောပြရှာပါသည်။
နိုင်ကတ်တစ်ခုရရှိရန်အတွက် ရုံးဌာနများသို့ အခေါက်ခေါက်အခါခါ ခက်ခက်ခဲခဲ သွားရလာရ၊ ခရီးစရိတ် အတွက် ပိုက်ဆံများကုန်ခဲ့သော်လည်း နိုင်ကတ်ရရှိခဲ့သည့်အတွက် သူမ အမှန်တကယ်ကို ကျေနပ်ပါကြောင်း ပြောပြခဲ့ပါသည်။ နိုင်ကတ်ရရှိပြီဖြစ်သောကြောင့် သွားချင်သည့်ခရီးများကိုလည်း သွားခွင့်ရပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ နိုင်ကတ်ရရှိထားပြီဖြစ်ရာ နယ်ခြားမြေခြားတွင် အလုပ်သွားရမည်ဆိုလည်း စိတ်ပူနေစရာ မလို တော့ကြောင်းကိုလည်း ဝမ်းသာအားရ ပြောမဆုံးနိုင်ပင်ဖြစ်နေခဲ့သည်။
အကြံပြုချက်များ
မြန်မာနိုင်ငံတွင် ဥပဒေရေးရာအသိပညာများကို မြှင့်တင်ပေးရန် များစွာလိုအပ်နေပါသေးသည်။ ပြည်သူများကို ဥပဒေများနှင့် နိုင်ငံသားများ၏မူလအခွင့်အရေးများအား အသိပညာပေးနှိုးဆော်နိုင်သော၊ လိုအပ်သည်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်သော Paralegal များ ဒေသတိုင်းတွင် ထားရှိနိုင်ပါက ပြည်သူများ၏ အခက်အခဲများကို ဖော်ထုတ်ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် Paralegal များကို ဒေသတိုင်းတွင် မွေးထုတ် ပေးနိုင်ရန်အတွက်လည်း အကြံပြုအပ်ပါသည်။