“ မျိုးဆက်သစ်များအတွက် ခြေလှမ်းသစ်များ ”
Paralegal – Ah Moh
အသက် (၁၀) နှစ် ပြည့်သူတိုင်း နိုင်ကတ်လျှောက်ထားရန် အခွင့်အရေးရှိသော်လည်း မိခင်ဖြစ်သူတွင် နိုင်ကတ်မရှိခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသော မိသားစုတစ်စုအကြောင်း။
တော်အန်း (၁) ရွာတွင်နေထိုင်သော ဒေါ်အားမီသည် အသက်(၃၅)နှစ်ရှိပြီဖြစ်သော်လည်း နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသည့် အာခါတိုင်းရင်းသူတစ်ဦးဖြစ်ပါသည်။ ဒေါ်အားမီတွင် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းဖြစ်သည့် ပန်းပဲလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကသက်မွေး လုပ်ငန်းအဖြစ် လုပ်ကိုင်ပါသည်။
မိဘများနှင့်အတူနေစဉ်အချိန်က ဒေါ်အားမီ၏မိဘများသည် မည်သည့်အသက်အရွယ်တွင် နိုင်ကတ် လုပ်ပေးရမည်ကို မသိသောကြောင့် မလုပ်ပေးခဲ့ခြင်းဖြစ်သည်။ သူမ၏အစ်ကိုများကိုမူ လဝကဝန်ထမ်းများ ရွာတွင်းသို့ ကွင်းဆင်းလုပ်ဆောင်ပေးသောအချိန်တွင် လုပ်ပေးဖြစ်ခဲ့သည်။ သူမကိုတော့ လုပ်ပေးခဲ့ခြင်း မရှိပါ။ ထိုအချိန်က သူမသည် (၈) နှစ်သာရှိသေးသောကြောင့် မလုပ်ဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။
ဒေါ်အားမီအရွယ်ရောက်လာပြီး အိမ်ထောင်ကျသွားပြီးနောက်တွင် နိုင်ကတ်ပြုလုပ်ရန်အတွက် ကြိုးစားခဲ့ သေးသော်လည်း နည်းလမ်းမသိသောကြောင့် မလုပ်ဖြစ်ခဲ့ပေ။ ရပ်ရွာထဲရှိအသိများကို မေးကြည့်သော အခါတွင်လည်း အသက်ကြီးပြီဖြစ်သည့်အတွက် နိုင်ကတ်ပြုလုပ်ရန် မလွယ်ကူ၊ ငွေကုန်ကြေးကျများမည် ဟုသာ အကြံပေးခဲ့ကြသည်။ ထို့ကြောင့် သူမသည် မလုပ်ဖြစ်ဘဲ ယခုအတိုင်းသာ နေခဲ့ပါသည်။
ဒေါ်အားမီတွင် သားသမီး (၃) ယောက်ရှိပြီး၊ အသက် (၁၀) နှစ်ပြည့် နိုင်ကတ်လျှောက်ရန်အတွက် အရွယ် ရောက်နေပြီဖြစ်သော (၁၂)နှစ်နှင့် (၁၄)နှစ်အရွယ်ရှိ သားနှစ်ယောက်ရှိသည်။ သားနှစ်ယောက်စလုံးသည် ကျောင်းတက်နေသော ကလေးများဖြစ်သည်။
လဝကဝန်ထမ်းများ ကျောင်းသို့ ကွင်းဆင်းလာလုပ်ပေးချိန်တွင် ဖခင်နိုင်ကတ် ပျောက်ဆုံးနေခြင်းနှင့် မိခင် တွင်လည်း နိုင်ကတ်မရှိသောကြောင့် သူမ၏သားနှစ်ဦးတွင် အထောက်အထား စာရွက်စာတမ်း မစုံမလင် ဖြစ်နေရာ နိုင်ကတ်ပြုလုပ်ရန် အခွင့်အရေးမရရှိခဲ့ပေ။
အိမ်နီးနားချင်းတို့၏ သားသမီးများ နိုင်ကတ်ရရှိနေချိန်တွင် ဒေါ်အားမီ၏ သားနှစ်ယောက်မှာ နိုင်ကတ် မရရှိသေးပါ။ နိုင်ကတ်မရှိလျှင် ကလေးနှစ်ယောက် ကျောင်းဆက်တက်၍မရမည်ကို သူမသည် စိုးရိမ်လာ ခဲ့ရပါသည်။
ကလေးများ၏ရှေ့ရေးအတွက် ငွေကုန်ကြေးကျများမည်ကို မစိုးရိမ်တော့ဘဲ ရှိသမျှနှင့် နိုင်ကတ်ရရှိအောင် ကြိုးစားချင်ခဲ့ပါသည်။ သို့သော် မိမိမှာ နိုင်ကတ်လျှောက်ထားရန်အတွက် မည်သည့်စာရွက်စာတမ်းများ လိုအပ်သည်ကိုလည်း မသိရှိခြင်း၊ လျှောက်ထားရမည့် လုပ်ငန်းစဉ်များကိုလည်း နားမလည်ခြင်း၊ ငယ်စဉ် ကလည်း အတန်းပညာကို (၂) တန်းအထိသာ ပညာသင်ဖူးသည့်အပြင် ဗမာစကားလည်းမတတ်၊ ရုံးဌာန များကိုလည်း မသွားရဲ မသွားတတ်၊ မည်သို့လုပ်ရမည်ကိုမသိသောကြောင့် စိတ်သောက ရောက်ခဲ့ရသည် တို့ကိုလည်း ပြောပြပါသည်။
တစ်နေ့တွင် ဓမ္မဆရာက ကျေးရွာအတွင်းမှာ နိုင်ကတ်နှင့်ပတ်သက်သောအသိပညာပေးပွဲ လာလုပ်မည်ဟု ကြေညာခဲ့ပါသည်။ ၎င်းကြေညာချက်ကို ကြားလိုက်ရသည့်အချိန်တွင် “ကျွန်မ အရမ်းပျော်နေခဲ့မိတာပဲ“ ဟု ပြောကြားခဲ့ပါသည်။
အသိပညာပေးပွဲ လာရောက်ပြုလုပ်မည့်နေ့တွင် သူမလက်ဝယ်ရှိ စာရွက်စာတမ်းဖြစ်သော အိမ်ထောင်စု စာရင်းကိုကိုင်ကာ အသိပညာပေးပွဲပြုလုပ်မည့်နေရာတွင် သွားရောက်စောင့်ဆိုင်းနေခဲ့ပါသည်။
အသိပညာပေးပွဲ လာရောက်ပြုလုပ်သူသည် BRAVEHEART Foundation မှ Paralegal တစ်ဦးဖြစ်ပြီး အသိပညာပေးပွဲတွင် နိုင်ကတ်အရေးကြီးကြောင်း၊ BRAVEHEART Foundation မှ ကူညီပေးနေသော လုပ်ငန်းစဉ်များအကြောင်း၊ နိုင်ကတ်လျှောက်ထားရာတွင်လိုအပ်သော စာရွက်စာတမ်း အထောက်အထား များနှင့် နိုင်ကတ်ကို ကာယကံရှင်ကိုယ်တိုင်လျှောက်ထားနိုင်ရန်အတွက် ပံ့ပိုးကူညီသွားမည့်အကြောင်း တို့ကို ပြည့်စုံစွာရှင်းပြခဲ့ပါသည်။
အသိပညာပေးပွဲအပြီးတွင် ဒေါ်အားမီက ချန်နေရစ်ခဲ့ပြီး သူမတွင် နိုင်ကတ်မရှိကြောင်းနှင့် အခက်အခဲများ အားလုံးကို ဖြစ်ကြောင်းကုန်စင်ရှင်းပြခဲ့ပါသည်။ ထို့နောက် Paralegal သည် နိုင်ကတ်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများကို စုဆောင်းထားရန် အကြံပေးခဲ့ပါသည်။ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန်အတွက် လိပ်စာကတ်လည်း ပေးထားခဲ့ပါသည်။
ဒေါ်အားမီသည် လိုအပ်သော စာရွက်စာတမ်းများ စုဆောင်းပြီးနောက် Paralegal အား ဆက်သွယ်ခဲ့ပြီး ရုံးဌာနများသို့ မသွားရဲသဖြင့် အတူလိုက်ပါပေးပါရန် အကူအညီတောင်းလာခဲ့ပါသည်။ Paralegal သည် စာရွက်စာတမ်းများ စုံအောင်စစ်ဆေးပြီး ဒေါ်အားမီအား လဝကရုံးသို့လိုက်ပို့ပေးခဲ့ပါသည်။
ဒေါ်အားမီတို့ ကျေးရွာအုပ်စုမှ လဝက တိုက်နယ်မှူးသည် ဗမာလူမျိုးဖြစ်သဖြင့် ဗမာစကားပြောနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ နိုင်ကတ်သွားရောက်ပြုလုပ်ရာတွင် အသက်ကြီးမှ လာရောက်လျှောက်ထား သဖြင့် အခြားနေရာမှ (ဥပမာ – ထိုင်း၊ တရုတ်) လာရောက်လျှောက်ထားသည်ဟုထင်နေရာ စစ်ဆေးမူများ ခံခဲ့ရပါသည်။
Paralegal က ဒေါ်အားမီကြုံတွေ့ရသော အခက်အခဲများကို ကုန်စင်အောင်ရှင်းပြပြီး ရွာတွင်နေထိုင်သော တိုင်းရင်းသားတစ်ဦးဖြစ်ကြောင်း ထောက်ခံပေးခဲ့သည့်အပြင် မေးမြန်းမူများကိုလည်း ဘာသာပြန်ပေးခဲ့ ပါသည်။
လဝကအရာရှိတိုက်နယ်မှူးသည် BRAVEHEART အဖွဲ့နှင့် ရင်းနှီးမှုရှိနေသောကြောင့် လျှောက်ထားမူ လုပ်ငန်းစဉ်တွင် (၅) ဦးကော်မတီမယူခိုင်းတော့ဘဲ ဖြေလျှော့ပေးခဲ့သဖြင့် နိုင်ကတ်ကို လျှောက်ထားနိုင်ခဲ့ ပါသည်။ ဒေါ်အားမီအမျိုးသားသည်လည်း ကတ်ပျောက်ဆုံးလျှောက်ထားခြင်းကို တချိန်တည်း ပြုလုပ်ခဲ့ ပါသည်။ ရက် (၂၀) ခန့်ကြာလျှင် နိုင်ကတ်ကို လာထုတ်နိုင်ပြီဟုလည်း လဝကရုံးက မှာလိုက်ပါသည်။
လဝကမှချိန်းဆိုသည့်ရက်သို့ရောက်သည့်အခါတွင် ရုံးသို့စိတ်လှုပ်ရှားစွာဖြင့် နိုင်ကတ်ထုတ်ရန် သွားရောက် ခဲ့သော်ငြား တိုက်နယ်မှူးက မရသေးကြောင်း၊ မပြီးသေးကြောင်းပြောကြားခဲ့ပြီး နောက်ရက်မှ ပြန်လာခဲ့ ပါဟု ထပ်မံချိန်းဆိုခဲ့ပါသည်။ ထိုအချိန်တွင် ဒေါ်အားမီသည် နိုင်ကတ်မရတော့ဘူးလား၊ ငွေကြေးတောင်းခံ မည်လားဟူ၍ စိုးရိမ်ပူပန်ခဲ့သည်။
လဝကရုံးမှ ပြန်လည်ချိန်းဆိုသောနေ့တွင် နိုင်ကတ်သွားထုတ်ခဲ့ရာ သူမမျှော်လင့်နေသော နိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိသည့်အတွက် အရမ်းဝမ်းသာခဲ့ပါသည်။
လဝကရုံးက ငွေကြေးတောင်းခံခြင်းမရှိခဲ့ဘဲ ၎င်းကိုယ်တိုင်ကသာ စေတနာအလျောက်ဖြင့် ဝန်ထမ်းကို (၅၀၀၀) ကျပ်သာ ပေးခဲ့ရသည်။ ကုန်ကျစရိတ်နည်းပြီး ရက်တိုအတွင်းမှာ နိုင်ကတ်ရရှိသွားသည့်အတွက် ဒေါ်အားမီတစ်ယောက် ပျော်ရွှင်၍မဆုံးနိုင်တော့ပါ။ ဒေါ်အားမီ အမျိုးသားလည်း နိုင်ကတ်အသစ် ပြန်လည် ရရှိခဲ့ပါသည်။
ဒေါ်အားမီနှင့် အမျိုးသားတို့ နိုင်ကတ်ရရှိပြီးနောက်ပိုင်းတွင် သားအကြီး (၂) ယောက်ကိုလည်း နိုင်ကတ် လျှောက်ထားပေးနိုင်တော့မည်ဖြစ်သည်။ ခြောက်နှစ်အရွယ် သမီးငယ်လေးကိုလည်း အိမ်ထောင်စုစာရင်း ထဲ၌ အမည်ထည့်သွင်းပေးနိုင်တော့မည်ဖြစ်သည့်အတွက် ပျော်ရွှင်နေပါသည်။
လဝကများက ကျောင်းများတွင် ကွင်းဆင်းလာလုပ်ပေးရန် အစီအစဉ်ရှိသောကြောင့် ဒေါ်အားမီသည် သား (၂) ယောက်ကို လဝကရုံးသို့ ခေါ်လာခြင်းမပြုတော့ဘဲ ကျောင်းတွင်သာပြုလုပ်ရန် စောင့်ဆိုင်းနေပါသည်။
(၆) နှစ်အရွယ် သမီးလေးအတွက်လည်း အသက် (၁၀) နှစ်ပြည့်ချိန်တွင် လွယ်ကူစွာ နိုင်ကတ် ပြုလုပ်ပေး နိုင်တော့မည်ဖြစ်သည်။ သူမကလေးများ၏ ပညာသင်ကြားရေးနှင့်ရှေ့ရေးအတွက်လည်း မပူပန်ရတော့ပေ။ စိတ်အေးသွားရပါသည်။
ကျိုင်းတုံမြို့နယ်အတွင်း ဒေါ်အားမီကဲ့သို့ အသက်ကြီးပြီး နိုင်ကတ်မရှိသောသူ များစွာရှိနေပါသေးသည်။ အသက်ကြီးပြီး နိုင်ကတ်မရှိသောသူ မဖြစ်ရလေအောင် မိဘပြည်သူများ၊ ရပ်ရွာလူထုများကို နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးပါအသုံးဝင်ပုံကို အသိပညာပေးပွဲများ များစွာပြုလုပ်ရန် လိုအပ်နေပါသည်။