“ အရင်က ကျွန်မခရီးသွားတိုင်း အရစ်ခံခဲ့ရတယ် ”

Paralegal – Nang Noon Kham

                   ကျွန်မမှာ မှတ်ပုံတင်ရှိရဲ့သားနဲ့ ဂိတ်မှာ အမြဲအရစ်ခံနေရတယ်။ ဂိတ်က ရဲတွေက ကျွန်မကို မှတ်ပုံတင်လဲဖို့ အမြဲပြောတယ်။ ဒါပေမယ့် မှတ်ပုံတင်လဲဖို့ ဘယ်လိုလုပ်ရမယ်မှန်း ကျွန်မ မသိခဲ့ပါဘူးရှင်… ဟု ကျပန်းအလုပ် လုပ်ကိုင်နေရသော အာခါမလေး မဘူးရှိန် မှပြောခဲ့ပါသည်။
               မဘူးရှိန် မိသားစုသည် လယ်ယာမြေအနည်းငယ်သာရှိသောကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေကြပါ။ သူမ၏အမျိုးသားသည် တစ်ပါးသူ၏လယ်ကို အငှားလုပ်ပြီး တစ်နေ့လုပ်တစ်နေ့စား ဘဝဖြစ်သည်။ မဘူးရှိန်သည် လယ်ယာများစိုက်ပျိုးပြီးသောအချိန်တွင် အခြားမြို့များသို့သွားရောက်ပြီး ကောက်စိုက်၊ ကောက်ရိတ်လုပ်လေ့ရှိသည်။ သူမသည် ကျပန်းအလုပ်လုပ်သောကြောင့် အမြဲပင် ခရီးသွားရပါသည်။ သူမကိုင်ဆောင်ထားသော မှတ်ပုံတင်မှာ (၁၀) နှစ်ပြည့်ကတ်သာဖြစ်သည်။ ယခု သူမအသက်မှာ (၃၈)နှစ်ရှိနေပြီး ခရီးသွားသည့်အခါတိုင်း စစ်ဆေးရေးဂိတ်ရောက်သည့် အချိန်တွင် စခန်းတွင်းသို့ခေါ်ပြီး အမြဲပင်စစ်ဆေးခံရသည်။ ရဲကခေါ်ပြီး “နင့်မှတ်ပုံတင်ဟုတ်ရဲ့လား၊ နင်နဲ့မတူဘူးနော်၊ သူများမှတ်ပုံတင်ယူလာရင် ပြစ်ဒဏ်ရှိတယ်” ဟုပြောခဲ့ပါသည်။ မဘူးရှိန်သည် စာလည်းမတတ်၊ ဗမာစကားလည်း မတတ်သဖြင့် အရမ်းကြောက်နေရပြီး ပိုက်ဆံတောင်းသည့်အခါတွင် ပိုက်ဆံပေးပြီး စခန်းအတွင်းမှ ပြန်ထွက်လာခဲ့သည်။ သူမသည် အလုပ်ကြမ်းလုပ်ရသောကြောင့် မှတ်ပုံတင်ထဲမှာ ရုပ်ရည်သည်အလွန်ငယ်ရွယ်နေပြီး လက်တွေ့သူမ၏ရုပ်ရည်သွင်ပြင်သည်ကား အလွန်ပင်ရင့်ထော်နေသည်။ ထို့ကြောင့် သူမသည် ခရီးသွားရန်အတွက်ကို မသွားရဲဘဲဖြစ်နေရသည်။ ထိုရာသီတွင် ခရီးမသွား၊ အလုပ်မလုပ်ဘဲ နေမိပါက မိသားစု စားဝတ်နေရေးခက်ခဲကာ အဆင်မပြေဖြစ်ရပြန်သည်။
သူမသည် မှတ်ပုံတင်ကိုလဲချင်သော်လည်း လုပ်ငန်းစဉ်များကိုနားမလည်၊ လိုအပ်သောစာရွက်စာတမ်းများကို မည်ကဲ့သို့ရယူမည်ကိုမသိခဲ့ပါ။ တစ်ရက်တွင် ကျေးရွာလူကြီးသည် ကျေးရွာတွင်းသို့ အထောက်အထားစာရွက်စာတမ်းများအရေးကြီးပုံကို အသိပညာပေးပွဲပြုလုပ်ရန်အတွက် လူစုခေါ်ခဲ့ပါသည်။ သူမသည် ထိုအသိပညာပေးပွဲသို့ သွားရောက်နားထောင်ပြီး ထိုအဖွဲ့အစည်းက ဟောပြောသောအကြောင်းအရာများကို စိတ်ဝင်တစားနားထောင်ခဲ့သည်။ Braveheart အဖွဲ့ဟုသိခဲ့ရပြီး အထောက်အထား၊ စာရွက်စာတမ်းများအရေးကြီးကြောင်း ပြောသောအချိန်ကို ပို၍ပင်စိတ်ဝင်စားခဲ့သည်။ ဟောပြောပွဲသည် အသက်ဘယ်လောက်မှစတင်ကာ မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ မည်သည့်အသက်အရွယ်တွင် မှတ်ပုံတင်ကို လဲလှယ်ရမည်ဖြစ်ကြောင်း၊ လျှောက်ထားမှုလုပ်ငန်းစဉ်များသည် မည်ကဲ့သို့ရှိကြောင်းကို အသိပညာပေးခဲ့ပါသည်။ ထိုအခါမှ သူမ၏အခက်အခဲများကို သဘောပေါက်ကာ အိမ်ကိုပြန်ပြီး မိမိတွင်ရှိသော စာရွက်စာတမ်းများကိုယူဆောင်ကာ အသိပညာပေးပွဲသို့ ပြန်လာခဲ့သည်။ Braveheart အဖွဲ့မှ ဥပဒေအထောက်အကူပြု Paralegal အား သူမအခက်အခဲများကိုပြောပြပြီး မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မေးမြန်းခဲ့ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာကိုယူကာ ဓာတ်ပုံရိုက်ပြီး၊ လဝကရုံးတွင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။ မဘူးရှိန်သည် paralegal ၏ဖုန်းနံပါတ်ကိုလည်း ယူထားကာ သူမအိမ်ကို ပြန်သွားခဲ့သည်။ အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာကို ယူနိုင်ရန်အတွက် မောင်လေးဖြစ်သူကို လိုက်ပို့ခိုင်းသည်။ သူမသည် အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာကိုရယူပြီး မြို့တွင်းသို့သွားကာ ဓာတ်ပုံလည်းရိုက်ခဲ့သည်။ သူမသည် နိုင်ကတ်သွားလျှောက်ရန်အတွက် ဥပဒေအထောက်အကူပြု Paralegal အား ဖုန်းဆက်ကာ အကူအညီတောင်းခံခဲ့သည်။
ထို့နောက် paralegal မှာ သူမ၏ရွာသို့ပြန်သွားခဲ့ပြီး စာရွက်စာတမ်းများကို သွားရောက်စစ်ဆေးပေးခဲ့သည်။ စာရွက်စာတမ်းစုံလင်သောကြောင့် လဝကသို့ သွားမည့်ရက်ကို ရက်ချိန်းလိုက်ပါသည်။ နောက်ထပ်(၂) ရက်လောက်ကြာပြီးသည့်အချိန်တွင် လဝက ရုံးသို့ရောက်သောအခါတွင် လုပ်ငန်းစဉ်အတိုင်းလျှောက်လွှာရေးပြီး တိုက်နယ်မှူးဆီသို့ရောက်သွားပါတော့သည်။ (၁၀) နှစ်ပြည့်ကတ်မှ ပုံနှင့် ယခုပုံမှာ အရမ်းကွာလွန်းနေသောကြောင့် “နင့်မှတ်ပုံတင်ဟုတ်ရဲ့လား၊ ဘယ်နေရာရောက်နေလို့ မလဲခဲ့တာလဲ၊ အသက်တောင်မှ အရမ်းကြီးနေပြီ” ဟုပြောခဲ့သေးသည်။ တိုက်နယ်မှူးမေးမြန်းချက်ကို သူမသည် နားမလည်သောကြောင့် Paralegal မှ ဘာသာပြန်ပေးခဲ့ရသည်။ ရုံးကိုမလာတတ်ခြင်း၊ ဘာသာစကားမတတ်ခြင်းနှင့် လျှောက်ထားခြင်းလုပ်ငန်းစဉ်မသိခြင်းကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း ရှင်းပြခဲ့ပါသည် အမှန်တကယ်တိုင်းရင်းသားဖြစ်ကြောင်းပြောခဲ့ပါသည် ။ သားသမီးအရေအတွက် ကိုမေးပြီး အောင်မြင်စွာလျှောက်ထားနိုင်ခဲ့ကာ ကတ်ပြန်ထုတ်ရမည့်ရက်ကို ရက်ချိန်းပေးလိုက်ပါသည်။ နောက်ထပ် နှစ်ပတ်နေပြီးလျှင် လဝက ရုံးသို့သွားကာ နိုင်ကတ်ကို သွားထုတ်ယူခဲ့ပါသည်။ ငွေမကုန်ဘဲ ကတ်ရရှိခဲ့ပါသည်။ ယခုအချိန်တွင် သူမသည် ခရီးသွားလျှင်လည်း ကြောက်စရာမလိုတော့ပေ။ အခြားမြို့သို့ ကောက်စိုက်သွားနိုင်ခြင်းကြောင့် ဝင်ငွေပိုရသဖြင့် မိသားစုစားဝတ်နေရေးအတွက် လည်းပိုမိုအဆင်ပြေလာပါသည်။ သူမသား၊ သမီးများကိုလည်း မွေးစာရင်းလုပ်ရန် အတွက်ကို အကြံဉာဏ် တောင်းခဲ့ပါ သည်။
သူမကျေးရွာသို့ပြန်ရောက်သည့်အချိန်တွင် အသက်(၁၃) နှစ်ရှိသော မောင်လေးကို နိုင်ကတ်လုပ်ရန်အတွက် တိုက်တွန်းခဲ့ပါသည်။ ကျေးရွာအတွင်းရှိ အသက်(၁၀) နှစ်ပြည့်ပြီးသော နိုင်ကတ်မရှိသေးသည့် ကလေးငယ်များကိုလည်း နိုင်ကတ်လုပ်ရန် တိုက်တွန်းခဲ့ပါသည်။ သူမကဲ့သို့ အခက်အခဲများမကြုံရလေအောင် အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်းကို နိုင်ကတ်လဲလှယ်ရန်လည်း သူမတိုက်တွန်းခဲ့ပါသည်။ နောက်ထပ် တစ်ပတ်နေပြီးနောက်တွင် သူမ၏သားသမီးများကိုလည်း မွေးစာရင်းလျှောက်ပေးနိုင်ခဲ့ပါသည်။ သူမ၏အခက်အခဲများကို BRAVEHEART အဖွဲ့အစည်း၏အကူအညီဖြင့် သူမကိုယ်တိုင် ဖြေရှင်းလိုက်နိုင်သဖြင့် သူမအရမ်းပျော်ရွှင်နေခဲ့ပါသည်။
ကျေးရွာအများစုသည် နိုင်ကတ်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို မသိရှိကြသေးသဖြင့် ကျေးရွာတိုင်းရှိလူထုကို နိုင်ကတ်ရှိခြင်း၏ကောင်းကျိုးနှင့် မရှိခြင်း၏ဆိုးကျိုးများကိုလည်း အသိပညာပေးသင့်ပါသည်။ ကျေးရွာလူထုများ ပိုမိုနားလည်နိုင်ရန်အတွက် ဒေသခံဘာသာစကားဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသင့်ပါသည်။ အသိပညာပေးခြင်းကြောင့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များကို နားလည်သွားလျှင် အထောက်အထားမရှိခြင်း၊ အသက်ကြီးပြီးနိုင်ကတ်မရှိခြင်းများကို များစွာလျော့ကျစေနိုင်သည်ဟု ယုံကြည်မိပါသည်။