“ မိဘအားကိုးရသော သားလိမ္မာလေး ”
Paralegal – Charles Shephard
နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်းကြောင့် အလုပ်အကိုင်အခွင့်အရေးကောင်းရရှိပြီး မိဘစားဝတ်နေရေးအတွက် အထောက်အပံ့ပေးနိုင်သော သားတစ်ယောက်အကြောင်း။
မောင်မင်းဇော်ဦးသည် အသက် (၁ရ)နှစ်ရှိပြီး ကျိုင်းတုံမြို့နှင့် (၁၃) မိုင်လောက်ဝေးသော ပင်းတောက်ကျေးရွာတွင်နေထိုင်သည့် အာခါ တိုင်းရင်းသားလေးတစ်ယောက်ဖြစ်သည်။ မောင်ဇော်မင်းဦး၏ မိဘများသည် လယ်ယာ၊ တောင်ယာလုပ်ငန်းကို လုပ်ကိုင်သော မိသားစုဖြစ်သောကြောင့် ဝင်ငွေနည်းပါးပြီး မိသားစု စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ မောင်ဇော်မင်းဦးတွင် ကျောင်းနေသော ညီမလေးတစ်ယောက် လည်းရှိပါသည်။ မိသားစုငွေကြေးအခက်အခဲကြောင့် သူတို့မောင်နှမနှစ်ဦး မှာ ပညာရေးကိုလည်း ချို့တဲ့စွာသင်ကြားခဲ့ရပါသည်။
မောင်နှမနှစ်ဦး ပညာရေးချို့တဲ့စွာ သင်ကြားလာရင်း အရွယ်ရောက်လာသောအခါ မိဘများက နိုင်ကတ်အရေးကြီးကြောင်းကို မသိကြသောကြောင့် မောင်ဇော်မင်းဦးအတွက် နိုင်ကတ်လျှောက်ပေးရမှန်း မသိခဲ့ပါ။ မိသားစုစီးပွားရေးအခက်အခဲများကြောင့် (၇)တန်းတွင် ကျောင်းထွက်ခဲ့ရပြီး မိဘကိုအလုပ်လုပ်ကူညီခဲ့ပါသည်။ သူ့ညီမလေးသည် ယခုပညာသင်နှစ်တွင် (၆)တန်း၌ ပညာသင်ကြားနေပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားစေချင်သောစိတ် ၊ မိသားစုများကို ဝင်ငွေပံ့ပိုးစေချင်သောစေတနာကြောင့် တာချီလိတ်သို့ သူငယ်ချင်းများနှင့်အတူ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါသည်။ တာချီလိတ်သို့ရောက်ချိန်တွင် နေ့စားအလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။ နေ့စားလုပ်ငန်းသည် ပင်ပန်းစွာလုပ်ကိုင်ရပြီး ဝင်ငွေနည်းပါးသောကြောင့် မိဘများအားလုံလောက်စွာ မထောက်ပံ့နိုင်ခဲ့ပါ။ ထို့ကြောင့် မောင်ဇော်မင်းဦးသည် နေ့စားထက်ဝင်ငွေပိုကောင်းသော ဟိုတယ်လုပ်ငန်းမှာ သူငယ်ချင်းများနှင့်အတူ အလုပ်သွားလျှောက်ခဲ့ပါသည်။ မောင်ဇော်မင်းဦး၏ သူငယ်ချင်းများသည် ဟိုတယ်တွင်အလုပ်ရခဲ့သော်လည်း မောင်ဇော်မင်းဦးတစ်ယောက် အလုပ်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မောင်ဇော်မင်းဦးတွင် နိုင်ငံသားကတ်မရှိသောကြောင့် အလုပ်ရှင်မှ အလုပ်မခန့်ရဲခဲ့ပါ။ ဟိုတယ်အလုပ်မရသဖြင့် ပင်ပန်းသော နေ့စားလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့ရပြီး နိုင်ငံသားကတ်သည်အရေးကြီးကြောင်း နားလည်လာသဖြင့် နိုင်ကတ်ကိုလုပ်မှဖြစ်တော့မည်ဆိုပြီး ကျိုင်းတုံသို့ ပြန်လာခဲ့ပါသည်။
မောင်ဇော်မင်းဦးသည် နိုင်ကတ်လျှောက်ရန်အတွက် လဝကရုံးသို့ သွားခဲ့ပါသည်။ မိဘများတွင် နိုင်ကတ်ရှိသော်လည်း အိမ်ထောင်စုစာရင်း၌ မောင်ဇော်မင်းဦး၏နာမည်အား လဝကရုံး၌ တရားဝင် စာရွက်စာတမ်းနှင့် မွေးတိုးထည့်ထားခြင်းမဟုတ်ဘဲ တစ်စုံတစ်ဦးမှ ရေးထားခြင်း ဖြစ်သောကြောင့် နိုင်ကတ်လျှောက်ရန်အတွက်ငြင်းပယ်ခံခဲ့ရပါသည်။ မောင်ဇော်မင်းဦး၏ မိဘများသည် သူ့သား၏အခက် အခဲ ပြဿနာကို ကူညီချင်သော်လည်း ၊ ဗမာစကားမတတ်သဖြင့် မည်သို့ဆက်လျှောက်ရမည်ကို မသိသောကြောင့် အိမ်သို့ပြန်ခဲ့ရပါသည်။
တစ်နေ့ မောင်ဇော်မင်းဦး၏မိခင်သည် ရွာထဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားမှလုပ်ငန်းစဉ်နှင့် နိုင်ငံသားအခွင့်အရေးများနှင့် ပတ်သက်ပြီး BRAVEHEART FOUNDATION ရုံးမှ ပြုလုပ်သည့် အသိပညာပေးပွဲကို စိတ်ဝင်စားစွာဖြင့် သွားရောက်နားထောင်ခဲ့ပါသည်။ ထိုအသိပညာပေးပွဲမှ နိုင်ကတ်ရှိခြင်း၏အကျိုးကျေးဇူးများ၊ မရှိခြင်း၏ဆိုးကျိုးများကို ရှင်းပြခဲ့ပြီး၊ လျှောက်ထားမှုလုပ်ငန်းစဉ်များကိုလည်း သေချာစွာရှင်းပြခဲ့ပါသည်။ အသိပညာပေးပွဲအပြီးတွင် မောင်ဇော်မင်းဦး၏မိခင်သည် သူ့သားနိုင်ကတ်ရရှိရန် Paralegal နှင့်တွေ့ဆုံ၍ ဇော်မင်းဦး၏ အခက်အခဲ အားပြောပြပြီး မည်သို့လျှောက်ထားရမည်ကို အသေးစိတ် ထပ်မံဆွေးနွေးခဲ့ပါသည်။ Paralegal မှ လိုအပ်သောစာရွက်စာတမ်းများ သွားရောက်ယူထားရန် အကြံပေးခဲ့ပါသည် ။ ထိုအခါ မောင်ဇော်မင်းဦး၏ မိခင်သည် သားအတွက်လိုအပ်သော ထောက်ခံစာများရယူပြီး Paralegal ၏အကူအညီဖြင့် လဝကရုံးသို့သွားလျှောက်ခဲ့ပါသည်။ လဝကရုံးသို့ ရောက်ချိန်မှာ လဝကဦးစီးမှူးအားတွေ့ဆုံပြီး မောင်ဇော်မင်းဦး၏ မိခင်သည် ၎င်း၏မိဘ၊ ဘိုးဘွား လက်ထက်ကတည်းကပင် ပင်းတောက်ရွာမှာနေထိုင်ခဲ့ကြောင်း၊ အိမ်ထောင်စုစာရင်း၌ မောင်ဇော်မင်းဦး၏ နာမည်ကို ကိုယ်တိုင်ရေးထည့်ထားခြင်းမဟုတ်ကြောင်း၊ ယခင်က ရွာထဲ၌ စာရင်းကောက်ရန် အတွက် ရွာသူကြီးမှ လာယူခဲ့သည့်အချိန်တွင်ရေးထည့်ခဲ့ကြောင်း ဦးစီးမှူးအားရှင်းပြခဲ့ရာတွင် Paralegal မှ ဘာသာပြန်ပေးခဲ့ပါသည်။ မောင်ဇော်မင်းဦး၏မိခင်သည် မိမိ၏သားဖြစ်ကြောင်းကိုလည်း ကတိဝန်ခံချက်အနေဖြင့် လက်မှတ်ထိုးခဲ့ပြီး နိုင်ကတ်ကိုစတင်လျှောက်ထားခဲ့ပါသည်။ တိုက်နယ်မှူးမှ နိုင်ကတ်လာထုတ်ရန်အတွက် ရက်ချိန်းပေးခဲ့ပါသည်။ (၁၄) ရက်ကြာသောအခါ မောင်ဇော်မင်းဦးသည် လဝကရုံးသို့ နိုင်ကတ်လာရောက်ထုတ်ယူနိုင်ခဲ့ပါသည်။
မောင်ဇော်မင်းဦးတစ်ယောက် နိုင်ကတ်အသစ်စက်စက်ကို ကိုင်ဆောင်ရင်း အရမ်းကိုပျော်ရွှင်နေပါသည်။ နိုင်ကတ်ရရှိပြီးနောက် တာချီလိတ်မြို့မှာ ဝင်ငွေကောင်းသောအလုပ်ကို လုပ်ကိုင်ရန်အတွက် ထပ်မံဆင်းသွားခဲ့သည်။ သူငယ်ချင်းများနှင့်အတူ ဟိုတယ်လုပ်ငန်းတွင် တည်ငြိမ်ပျော် ရွှင်စွာဖြင့်လုပ်ကိုင်လျက်ရှိပြီး တစ်လလျှင် ဘတ်တစ်သောင်း (ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၅ သိန်းခန့်) ရရှိနေပါသည် ။
မောင်ဇော်မင်းဦးမိခင်က သားနိုင်ကတ်ရပြီနောက်ပိုင်း အလုပ်လုပ်ရာတွင် အရင်လိုမပင်ပန်းသည့်အပြင် ငွေပိုစုနိုင်ပြီး မိဘကိုလည်း တစ်လလျှင် ဘတ်ခုနစ်ထောင်(ကျပ်ငွေ ၃ သိန်းကျော်) ပို့ပေးနိုင်ကြောင်း မိသားစုပိုအဆင်ပြေလာကြောင်း ပြောခဲ့ပါသည်။ ”ဆရာတို့သာကူညီလမ်းပြမှုမရှိခဲ့ရင် ကျွန်မသားလေးက အခုလိုအဆင်ပြေမှာမဟုတ်ဘူး၊ အခုဆို ကားမောင်းသင်တန်းလည်းတက်ပြီး မကြာခင် ယာဉ်မောင်းလိုင်စင်ပြုလုပ်နိုင်ပြီး ကားပါမောင်းနိုင်တော့မယ် လုပ်ငန်းပိုကောင်းလာနိုင်မယ် ” ဟု မိခင်က ဝမ်းသာအားရပြောခဲ့ပါသည်။
တောင်ပေါ်ဒေသများတွင်နေထိုင်သော တိုင်းရင်းသားများသည် မွေးရာပါနိုင်ငံသားများဖြစ်သော်လည်း နိုင်ငံသားကတ်၏အရေးကြီးကြောင်းကိုမသိခြင်း၊ လျှောက်ထားမှုလုပ်ငန်းစဉ်အားမသိရှိခြင်း ဗမာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ကြသဖြင့် ရုံးသို့မသွားရဲခြင်းများကြောင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေရသည်။ ထိုသို့ နိုင်ငံသားကတ်လျှောက်ထားရယူခြင်းကို အလေးမထားခြင်းကြောင့် ကာယကံရှင်ကိုယ်တိုင် အခွင့်အရေးဆုံးရှုံးသည့်အပြင် မျိုးရိုးစဉ်ဆက်အလိုက် နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်း၊ နိုင်ငံမဲ့ဖြစ်နိုင်ခြေများခြင်း၊ လူကုန်ကူးခံရနိုင်ခြေများခြင်း စသဖြင့် အကျိုးဆက်များရရှိနိုင်ပါသည်။ ထို့ကြောင့် လူမှုအဖွဲ့အစည်းများ၊ CSO များနှင့် အစိုးရဌာနများသည် လူမှုဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ကိုင်ခြင်းသာမက နိုင်ငံသားစိစစ်ရေးကတ်ပြားအရေးကြီးကြောင်းနှင့် နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်သော လူထုပညာပေးပွဲများကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။