“LGBT ဘဝတိုးတက်ဖို့ နိုင်ငံသားကတ် ပြုလုပ်စို့”

Paralegal – U  Thaw

                       ယခင်အချိန်က ကျမရဲ့ဇာတိမြေဖြစ်သော ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က သာယာကွင်း ရွာလေးမှာ မိသားစုနဲ့အတူ အေးချမ်းသာယာစွာ နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ကျမက (၁၀)တန်းကျောင်းသားဘဝ။ တစ်နေ့ ဘယ်လိုမှမျှော်လင့်မထားတဲ့ နာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းတစ်တိုင်းလုံး အလူးအလဲခံခဲ့ရတဲ့အထဲ ကျမတို့ရွာလေးလည်းပါခဲ့တယ်။ အဲ့အချိန်ကဆို မိသားစု အားလုံး လှိုင်းထဲပါပြီး အစအနတောင်ရှာမရခဲ့ပါ။ ကျမတစ်ယောက်သာ အသက်ရှင်လျက်ကျန်ခဲ့သည်။ ရွာမှအမျိုးတစ်ချို့လည်း အသက်ရှင်လျက်ကျန်ခဲ့တော့ အဒေါ်ဖြစ်သူနဲ့ အတူနေခဲ့ကြသည်။ အဲ့အချိန် က ကျမနာမည်က နေလင်းခိုင်။ နာဂစ်ပြီးတော့ရွာကကျောင်းမှာ ဦးလေးဖြစ်သူက လုပ်အားပေးဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်စေခဲ့တယ်။ တစ်နေ့ ရွာမှာကထိန်ပွဲလုပ်တော့ ကျမတို့ကျောင်းကလည်း ပဒေသာပင်ပို့ရတယ်။ ကျောင်းသားလေးတွေလည်း အိုးစည်ဝိုင်းနဲ့ကကြတာပေါ့။ ရွာသားတွေလည်း ‘က’ တော့ ကျမလည်း ‘က’ ချင်မိတယ်။ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းဆရာဆိုတော့ လိုက် ‘က’ ရင် အရှက်ကွဲမှာစိုးလို့ ရင်တွင်းခံစားချက်ကို မျိုသိပ်ထားခဲ့ရတယ်။ ကျမစိတ်က ငယ်ငယ်ကတည်းက ‘က’ ချင်တယ်၊ အလှပြင်ချင်တယ်၊ မိန်းမအဝတ်အစားတွေပဲ ဝတ်ချင်တာ။ မိသားစုက လက်မခံ၊ ပြောမှာ၊ ဆိုမှာ ကြောက်ပြီး ယောင်္ကျားပုံစံနေခဲ့ရတာပါ။
ဒီလိုနဲ့ ကျောင်းဆရာအလုပ်ကို စိတ်မပါ၊ မပျော်တော့သည့်အတွက် ရွာထွက်ငါးပိ၊ ငါးခြောက်များကို လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးမှာ သွားရောက်ရောင်းချခဲ့သည်။ မီးခွက်ဈေးမှာဈေးရောင်းရင်း ရွှေလီအောင်အောင် အလှပြင်ဆိုင်နှင့်ရင်းနှီးခဲ့ပြီး မာမီဆိုင်ရှိ LGBT များနှင့် ရင်းနှီးခဲ့ကြပါတယ်။ အဲ့နောက် ရွှေလီအောင်အောင်ရဲ့ အဆက်အသွယ်နဲ့ TOP Center သွေးစစ်ရုံးမှာ အလုပ်ဝင်ခဲ့သည်။ TOP Center ရုံးတွင်အလုပ်ဝင်ခါစမှာတော့ ကျမယောင်္ကျားပုံပဲ ဝတ်တယ်။ ညပိုင်းကျမှ မိန်းမ တစ်ယောက်လိုနေခဲ့တာ။ အလုပ်ဝင်လို့ တစ်လလောက်ကြာတော့ ကျမ ယောင်္ကျားလိုမဝတ်တော့ဘူး။ ကျမရဲ့စိတ်တိုင်းကျ မိန်းမလိုပဲဝတ်လိုက်တယ်။ ကျမကိုပြောမဲ့သူလည်း မရှိဘူးလေ။ မိသားစုလည်းမရှိတော့ သူတို့ကိုအားမနာရတော့ဘူးလေ။ Transgender အဖြစ်ပြောင်းလဲလိုက်ပြီး TOP Center ရုံးတွင် အလုပ်လုပ်ရာတွင် ကျမအတွက် လွတ်လပ်ပေါ့ပါး ပျော်ရွှင်ခဲ့ရပါတယ်။ TOP center ရုံးမှာ အလုပ်ဝင်နေချိန် LGBT အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးနေသော Paralegal ဦးသော် နှင့်ခင်မင်ရင်းနှီးခဲ့ပြီး ဦးသော်၏ အလှပြင်ဆိုင်မှာ နေခွင့်ရခဲ့သည်။ Transgender အဖြစ်ပြောင်းလဲလိုက်လည်း TOP Center ရုံးတွင် အလုပ်လုပ်ရာတွင် ကျမအတွက် လွတ်လပ်ပေါ့ပါး ပျော်ရွှင်ခဲ့ရပါတယ်။
နိုင်ငံသားကတ်မရှိတဲ့ ကျမအတွက် အခက်အခဲတွေကကြိုလင့်နေတာကိုမသိခဲ့ပါ။ တစ်နေ့ ဦးသော်တို့နဲ့ တောင်ကြီးမှာ မတင်ဇာမော်ရဲ့ ရှိုးပွဲကို LGBT အဖွဲ့လိုက် သွားကြည့်ဖြစ်တယ်။ ကားစီးလုံးငှါးသွားတော့ အဆင်ပြေတာပေါ့။ အပြန်မှာကားမရတော့ ကျမတို့အမြန်ရထားနဲ့ ရန်ကုန်ပြန်ခဲ့ရတယ်။ အားလုံးအဆင်ပြေပေမဲ့ နိုင်ငံသားကတ်မရှိတဲ့ကျမမှာ အမြန်ရထားလက်မှတ် ဝယ်မရခဲ့ဘူး။ နိုင်ငံသား ကတ်မပြနိုင်လို့ပါ။ ရုံးပိုင်ကြီးကို တောင်းပန်လည်းမရ ဝန်ထမ်းကတ်ပြလည်းမရနဲ့ဆိုတော့ ကျမရှက်လည်းရှက် ငိုမိခဲ့တယ်။ ကျန်တဲ့ LGBTတွေလည်း ဝိုင်းတောင်းပန်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ဦးသော်က အကျိုးအကြောင်းရှင်းပြ တောင်းပန်ပြီးပြောတော့မှ ရုံပိုင်ကြီးကခွင့်ပြုလို့ ရထားစီးခွင့် ရခဲ့တယ်။ နိုင်ငံသားကတ်မရှိတဲ့ ကျမရဲ့ဒုက္ခကိုတွေးရင်း ရင်လေးမိပါတယ်။
ရုံးကနောက်ပိုင်းတွင် လစာငွေကို ဘဏ်အကောင့်မှတဆင့် လွှဲပေးမည်ဆိုတာကို သိရတော့ ကျမထူပူသွားခဲ့တယ်။ နိုင်ငံသားကတ်ရှိမှ အဆင်ပြေမယ်ဆိုတာကိုကျမသိပေမဲ့ လက်ရှိကျမရဲ့ပုံစံကို ဇာတိက လူတွေသိမှာ သူတို့တွေဝိုင်းပြီးပြစ်တင်ကဲ့ရဲ့ကြမှာ တွေးကြောက်နေခဲ့မိသည်။ ဦး‌သော်က ရုံးပိတ်ရက် သူရဲ့အလှပြင်ဆိုင်လေးမှာ နိုင်ငံသားကတ်ရှိခြင်း၊ မရှိခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများကို အသိပညာပေးတိုင်း ကျမကြားသိနေတယ်။ သို့ပေမဲ့ ကျမအတွက် ဇာတိပြန်ဖို့မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေခဲ့သည်။ ဦးသော်မှ အသိပညာပေးရုံသာမက ကျမနိုင်ငံသားကတ်လုပ်နိုင်ဖို့ရန် စိတ်ဓာတ်ခွန်အားကိုပါ ပေးခဲ့သည်။ ဦးသော်ပေးတဲ့ စိတ်ဓာတ်အားနှင့် ကျမအခက်အခဲဘာဖြစ်ဖြစ် ရင်ဆိုင်မယ်။ နိုင်ငံသားကတ်ရရှိနိုင်မည့် နည်းလမ်းများကို ဥပဒေအထောက်အကူပြုသူ (paralegal) ဦးသော်ရဲ့အကြံပြုချက်အတိုင်း ဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်တယ်။
ရွာမှာရှိတဲ့အဒေါ်ကို ရပ်ကွက်ထောက်ခံစာနဲ့ အိမ်ထောင်စုစာရင်းယူလာခိုင်းပြီး ဘိုကလေးမြို့ ပေါ်သို့ချိန်းဆိုခဲ့သည်။ ကျွန်မမှာလည်း ဆံပင်အရှည်ကို ဦးသော်ပြောသလိုစုစည်းပြီး ကျွန်မ မဝတ်ချင်ဆုံး ယောင်္ကျားရှပ်အင်္ကျီနှင့်ပုဆိုးကို ပြန်ဝတ်ခဲ့ရသည်။ မျက်နှာတွင် လိမ်းခြယ်ထားတာ တွေကို ဖျက်ပစ်ရပြီး (ဇွတ်ကျား)လုပ်ကာ ဘိုကလေးလဝကရုံးတွင် မှတ်ပုံတင်လျှောက်ထားခဲ့ပါသည်။ နယ်မြို့လေးလည်း ဖြစ်တော့ နိုင်ကတ်ပျောက်ဆုံးပြန်လျှောက်ရာတွင် တစ်ရက်သာ စောင့်ခဲ့ရသည်။ ထိုသို့ မှတ်ပုံတင် ပြုလုပ်ချိန်တွင် Paralegal ဦးသော်မှ ဘေးနားတွင် အဖော်အဖြစ် ရှိနေပေးခဲ့ပါသည်။ နောက်တစ်နေ့တွင် နိုငံသားကတ်ရရှိပြီး ကျွန်မ၏ နိုင်ငံသားကတ်ပန်းရောင်လေးကို ကြည့်ကာ ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ ကျွန်မရင်ထဲတွင် ပြောမပြတတ်အောင် ပတ်ဝန်းကျင်ကို ကြောက်စိတ်ဝင် နေသောစိတ်များကို ဦးသော်၏ အားပေးစကားများနှင့် ကျော်လွှားနိုင်ခဲ့သည်။ ကျွန်မကဲ့သို့ပင် ကျွန်မ နှင့်ဘဝတူ LGBT များကိုလည်း နိုင်ငံသားကတ်ရရှိရန် (ပြုလုပ်ရန်) အခက်အခဲ ဖြစ်နေခြင်းများကို ရုံးဌာနများသို့ ရဲရဲဝံံ့ဝံ့ သွားရောက်လျှောက်ထားရန် လက်ဆင့်ကမ်းပြောကြားသွားရန် ကျွန်မတွင် တာဝန်တစ်ခုပိုလာသည်ဟု ခံစားခဲ့ရပါသည်။
ပူပြင်းအိုက်စပ်နေသော အပူဒဏ်ကြားထဲ ကျမတစ်ယောက်ထဲ TOP Center ရုံးထဲအဝင် “မခိုင်ရေ၊ ညည်းရာထူးတိုးထဲပါတယ် ဘာကျွေးမလဲ” လို့ ကျမဆရာရဲ့ အားတက်သရောပြောသည့် အသံ ကြားလိုက်သည်တွင် ကျမ၏ရင်ထဲတွင် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ တကယ်တော့ ရာထူးတိုး အောင်မြင်ခဲ့သည်မှာ ကျမရဲ့ကြိုးစားမှု တစ်ခုထဲကြောင့် ဖြစ်လာခဲ့ခြင်း မဟုတ်ပါ။ ကျမမှာ နိုင်ငံသားကတ် ရှိနေလို့ပါ။ တကယ်တမ်း ကျမ TOP Center ရုံးမှာ အလုပ်စဝင်ကတည်းက ကျမဆီမှာနိုင်ငံသားကတ် မရှိခဲ့ပါဘူး။ အလုပ်စဝင်တုန်းကလည်း နိုင်ငံသားကတ် နာဂစ်မှာပါသွားတယ် ကတ်နံပါတ်တော့ သူမှတ်မိတယ်လို့ သူငယ်ချင်း ရွှေလီအောင်အောင်က ကူပြောပေးလို့ လျှောက်ထားဆဲနှင့် အလုပ်ဝင်ခဲ့ရသည်။ ကတ်မပြနိုင်ပေမယ့် အလုပ်အတွက် လက်ခံပါတယ်။
LGBT များအနေဖြင့် နိုင်ငံသားကတ် လျှောက်ထားဖို့ရန် အခက်ခဲဆုံးစိန်ခေါ်မှုသည် မိမိတို့၏ နေရပ်ကိုမပြန်ရဲကြခြင်းဖြစ်သည်။ မိမိတို့၏ပတ်ဝန်းကျင် ညီကိုမောင်နှမများမှ ၎င်းတို့၏ ဖြစ်တည်မှု များကို လက်မခံမည်ကိုတွေး၍ ကြောက်ရွံ့နေကြသည်။ နိုင်ငံသားကတ်လျှောက်ထားမှု လုပ်ငန်း စဉ်နှင့်ပတ်သတ်လာ၍ ရဲစခန်းထောက်ခံစာယူရမည်ဆိုပါက LGBT များအတွက် ဒုတိယအကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။ LGBT များသည် နိုင်ငံသားကတ်အရေးပါမှုနှင့် လျှောက်ထားမှု လုပ်ငန်းစဉ်များ ကိုသိရှိသူ အလွန်နည်းပါးနေပါသည်။ ပညာရေးနိမ့်ကျမှု၊ အသိုင်းအဝိုင်းမှခွဲခြားဆက်ဆံမှု ၎င်းတို့၏ ဖြစ်တည်မှုများကြောင့် LGBTများ နိုင်ငံသားကတ်ရရှိရေးသည် ကြီးမားသော စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေပါသည်။
သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် LGBTများအား ခွဲခြားဆက်ဆံခြင်းမရှိဘဲ ၎င်းတို့၏ ဖြစ်တည်မှုကိုနားလည်ကာ အထောက်အထားစာရွက်စာတမ်း လျှောက်ထားရာတွင် ၎င်းတို့၏ လိုအပ်ချက်များကို သေချာရှင်းပြပေးခြင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် လုပ်ပိုင်ခွင့်ကို တလွဲအသုံးမပြုဘဲ အပြုသဘောဆောင် ကူညီပေးစေလိုပါသည်။ LGBT အခွင့်အရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများအနေဖြင့် LGBT များနိုင်ငံသားကတ်ရရှိရန်ကို LGBT များအား အမြင်ဖွင့်သင်တန်းများပေးခြင်း၊ စိတ်ဓာတ်ခွန်အားများပေးခြင်းကို ပြုလုပ်သင့်သည်။ ထို့အပြင် အစိုးရဌာနများနှင့်ချိတ်ဆက်၍ LGBT များ၏အခက်အခဲများကို တင်ပြဆွေးခြင်းများဖြင့် ဖြေလျှော့ပေးနိုင်သည့် နည်းလမ်းများ၊ ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးပြီး လဝကနှင့် LGBT အဖွဲ့အစည်းများ ပူးပေါင်းကာ အသိပညာပေးသင့်သည်ဟု ယူဆမိပါသည်။ ။