“ အောင်မြင်မှုသို့လှမ်းချီ CSC ”
Paralegal – Than Dar Win
ကျူးကျော်အိမ်ကလေးတစ်လုံး၏ရှေ့မှ ဈေးဆိုင်ကလေးတွင် အသက်(၂၁)နှစ်အရွယ်ရှိ ညိုညိုတစ်ယောက် “မှတ်ပုံတင်အစစ်ရလျှင်ကျေနပ်ပါပြီ” ဟု ရေရွတ်ရင်း မျက်နှာငယ်လေးဖြင့်ထိုင်ကာ မှိုင်နေ ပါသည်။
ညိုညို၏မိဘများမှာ မကွေးတိုင်းမှ ပွင့်လင်းရိုးသားသော အညာသူ/သားများ ဖြစ်ကြသည်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရှမ်းချောင်းရွာသို့ အသက်(၁၈) နှစ်ခန့်က ရောက်ရှိကာ အိမ်ထောင်ကျခဲ့ ပါသည်။ ညိုညိုတို့မောင်နှမ (၃)ဦးကို ရှမ်းချောင်းတွင် မွေးဖွားခဲ့ပါသည်။ အိမ်တွင် အရပ်လက်သည်ဖြင့် မွေးဖွားခဲ့ကြသောကြောင့် မွေးစာရင်းများ မရှိခဲ့ကြပါ။ ညိုညိုသည် ရှမ်းချောင်းရွာကလေးတွင် (၄)တန်းအောင်အထိသာ ပညာသင်ယူခဲ့ပါသည်။ ထို ရှမ်းချောင်းကျေးရွာတွင် မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ ရပ်ကွက်လူကြီးများမှ ယာယီအိမ်ထောင်စုစာရင်း ပြုလုပ်ပေးခဲ့ပါသည်။ ထို့နောက် လဝကမှကွင်းဆင်း ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် (၂၆.၁၂.၂၀၀၈)ရက်နေ့တွင် အိမ်ထောင်စုစာရင်း ရရှိခဲ့ပါသည်။ အိမ်ထောင်စုစာရင်းတွင် ညိုညိုတို့မောင်နှမ (၃)ယောက်စလုံး ပါဝင်ခဲ့ပါသည်။ ညိုညို၏ဖခင်မှာ မွေးဇာတိမှ လုပ်လာသော (နိုင်ငံသားကတ်) ပန်းရောင်ကတ်ပါရှိခဲ့ပြီး မိခင်မှာ ရန်ကုန်မြို့၊ရှမ်းချောင်းတွင် (ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ခုနှစ်) တွင် လဝကမှ ကွင်းဆင်းလုပ်ပေးသော သုံးခေါက်ချိုးမှတ်ပုံတင်သာ ရှိခဲ့ပါသည်။
ညိုညိုသည် အတန်းပညာလည်းမရှိသဖြင့် အပြင်အလုပ်ဖြစ်သော ကျပန်းအလုပ်ကိုသာ လုပ်ကိုင် နေခဲ့ရပါသည်။ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ချင်သော်လည်း နိုင်ငံသားကတ်မရှိ၍ မလုပ်ခဲ့ရပါ။ ထို့နောက် ယောင်းမဝမ်းကွဲ၏ မှတ်ပုံတင်ငှါးပြီး လျှောက်ထားရာ အထည်ချုပ် စက်ရုံတွင်အလုပ်ရခဲ့ပါသည်။ နိုင်ငံသားကတ်မှာ မိမိကတ်မဟုတ်သဖြင့် လူမှုဖူလုံရေးကတ် ပင်လျှင် ယာယီကတ်သာ ရရှိခဲ့ပါသည်။
၂၀၁၅ ခုနှစ် (၂)လပိုင်းလောက်တွင် ယခုနေထိုင်ရာ ကျုံစု မင်္ဂလာကွက်သစ်(ခ) ကျူးကျော် ရပ်ကွက်သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြပါသည်။ မိခင်သည် ထိုကျူးကျော်တွင် ငွေစု၊ငွေချေးအဖွဲ့နှင့် ချိတ်ဆက်မိပြီး သူမ၏၃ခေါက်ချိုးကတ်ဖြင့် အဖွဲ့ဝင်၍ ငွေစု၊ငွေချေး ပြုလုပ်ခဲ့ပါသည်။ ညိုညိုသည် အိမ်နှင့်နီးသောစက်ရုံ၊ လစာကောင်းသောစက်ရုံသို့ ပြောင်းချင် သော်လည်း မိမိတွင် မှတ်ပုံတင်မရှိ၍ မပြောင်းခဲ့ရပါ။ ညိုညိုသည် ယခုလက်ရှိလုပ်နေသော အထည်ချုပ်မှလည်း မိမိအမည်ပါ မှတ်ပုံတင်အစစ်များ ပေးရန် တောင်းနေပါသည်။ ညိုညို၏ မောင်လေးမှာလည်း (၁၀)တန်းကိုနှစ်ကြိမ်ကျခဲ့ပြီး အလုပ်လုပ်ချင်နေသော်လည်း နိုင်ငံသားကတ် မရှိသဖြင့် ကျပန်းအလုပ်ကိုသာ ပင်ပန်းစွာလုပ်ကိုင်နေခဲ့ရပါသည်။ ညိုညိုတို့မောင်နှမ၏ အခက်အခဲများကို မိဘများအား ပြောပြခဲ့သော်လည်း မိဘများမှာလည်း မှတ်ပုံတင်ရရှိရန် မည်သို့မည်ပုံ ပြုလုပ်ရမည်ကိုလည်းမသိ၊ ငွေကြေးအခက်အခဲလည်းရှိသောကြောင့် မလုပ်ပေးခဲ့ကြပါ။
အိမ်နီးချင်းများကို မေးကြည့်သော်လည်း ကျူးကျော်ဖြစ်သဖြင့် လုပ်၍မရဘူးဟုသာ ပြောကြပါသည်။ ညိုညိုတို့မောင်နှမ(၂)ယောက် စိတ်ဓာတ်ကျကာ နေခဲ့ရပါသည်။ ထိုအချိန်တွင် မိဘတို့နှင့် တစ်ရွာတည်းအတူ နေခဲ့ဖူးသော အသိအစ်မတစ်ယောက်မှ သူမ၏ ယောကျ်ားနှင့်သားများကို မှတ်ပုံတင်ပြုလုပ်ဖို့လုပ်နေပြီဟု သတင်းကြားသောကြောင့် သွားရောက် မေးမြန်းခဲ့ပါသည်။ ထိုအစ်မမှ ငါတို့ကျူးကျော်ဆီကို အဖွဲ့တစ်ဖွဲ့ လာတယ်၊ သန်းခေါင်စာရင်း၊ အရပ်ခေါ်(မှတ်ပုံတင်) နိုင်ငံသားကတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ လာပြောကြတယ်။ ဘယ်လိုလျှောက်ရတယ်၊ ဘာစာရွက်တွေပါရတယ် ဆိုပြီးလည်းရှင်းပြတယ်။ “အဲ့ပွဲတွေခေါ်တုန်းက နင့်အမေကိုခေါ်သေးတယ်၊ မလာဘူးလေ” ဟု ပြောပြပါတယ်။ ငါတောင် အခုအိမ်ကလူတွေနဲ့ သူများတွေကို လိုက်ပြီးကူညီနေပြီ၊ နင်တို့သိချင်ရင် ငါအဲ့အစ်မကို ဆက်ပေးမယ် ဟုဆိုကာ ဖုန်းဆက်ပေးခဲ့သည်။ ညိုညိုလည်း ဝမ်းသာသွားခဲ့ပါသည်။
တစ်နေ့ ထိုအစ်မသည် ညိုညိုတို့အိမ်သို့ ရောက်ရှိလာခဲ့ပြီး သူမက BRAVEHEART Foundation အဖွဲ့မှ Paralegal (ရပ်ရွာအခြေပြုဥပဒေအထောက်ကူပြုသူ) တစ်ယောက် ဖြစ်ကြောင်းနှင့် အဖွဲ့၏အကြောင်း၊ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းပြပေးခဲ့ပါသည်။ ညိုညိုတို့ မောင်နှမ(၂)ယောက်၏ ပြသနာများကိုမေးခဲ့ပြီး ညိုညိုတို့ထံတွင်ရှိသော စာရွက်စာတမ်းများ ကိုလည်းတောင်းယူကြည့်ခဲ့ပါသည်။ အိမ်ထောင်စုစာရင်းလည်းရှိ၊ ညိုညိုတို့ မောင်နှမတွေ အမည်လည်း ပါတယ်၊ အဖေလည်းမှတ်ပုံတင်ရှိတယ်၊ အမေလည်း သုံးခေါက်ချိုးကိုင်ထားတယ်၊ ညိုညိုတို့မောင်နှမ မှတ်ပုံတင်လျှောက်လို့ရရပါတယ် ဟုပြောသဖြင့် အရမ်းဝမ်းသာခဲ့ရပါသည်။ ထိုအစ်မမှ လိုအပ်သောအထောက်အထားစာရွက်များ ရေးပေးခဲ့ရာ မွေးစာရင်းနှင့် ကျောင်းထောက်ခံစာဟု တွေ့တော့ အစ်မရယ် လက်သည်နှင့် မွေးတော့ မွေးစာရင်းလည်း မရှိဘူး၊ ကျောင်းကလည်း မတက်တာကြာတော့ ထောက်ခံစာယူလို့ရပါ့မလားဟု မေးခဲ့ပါသည်။ မွေးစာရင်းမရှိရင် ကျောင်းထောက်ခံစာ ယူပေးရပါမယ်။ ကျောင်းတက်ခဲ့ဖူးရင် ကျောင်း ထောက်ခံစာ ယူလို့ရပါတယ်။ အဲ့ဒါတွေမပါရင် ကျမ်းကျိန်ရနိုင်တဲ့အတွက် ပိုက်ဆံတွေ အပိုကုန်သွားနိုင်ကြောင်း၊ ရက်ကွက်ထောက်ခံစာ ယူလျှင် အိမ်ထောင်စုစာရင်း၊ ပြုလုပ်ခဲ့သော ရှမ်းချောင်းတွင် သွားယူရမည်ဖြစ်ကြောင်း၊ သွေးစစ်လက်မှတ်၊ ဓာတ်ပုံရိုက်၊ စာရွက်များ မိတ္တူကူးယူပုံများကိုလည်း အသေးစိတ်ပြောပြပေးခဲ့ပါသည်။ ညိုညို၏မိခင်ကိုလည်း ယာယီ(၃) ခေါက်ချိုးကတ်မှ နိုင်ကတ်ကို တစ်ခါတည်းလဲစေချင်ကြောင်း၊ ပန်းရောင်ကတ်ဖြင့်သာ ဘဏ်ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း ညိုညိုတို့ မိသားစုသိလိုသမျှ နားမလည်သည်များကို စိတ်ရှည်စွာ ရှင်းပြပေးခဲ့ပါသည်။ မသိနားမလည်သေးလျှင် ဆင့်ပွား Paralegal အစ်မကိုမေးရန်၊ မိမိထံသို့ မေးရန်အတွက်လည်း ဖုန်းနံပါတ်နှင့် လိပ်စာကတ်ကိုလည်း ပေးခဲ့ပါသည်။ စာရွက်များ ရလျှင်လည်းလာစစ်ပေး၍ လိုအပ်လျှင် လဝကတိုက်နယ်မှူးထံသို့ လိုက်လံပို့ဆောင် ကူညီပေးပါမည်ဟု ပြောခဲ့ပါသည်။ ဖခင်ထင်သလို ငွေအများကြီးလည်း မကုန်နိုင်ပါဟု ဖခင်အား နှစ်သိမ့်ပေးခဲ့သေးသည်။
ညိုညိုက “အစ်မရယ် ညီမတို့ဗဟုသုတနည်း၊ ဘာမှလည်းမတတ်၊ ပတ်ဝန်းကျင်က လူတွေကလည်းဘာမှမသိ၊ စိတ်ထဲထင်တဲ့အတိုင်း ပြောနေကြတဲ့စကားတွေ ယုံမိတာ နောင်တ ရမိတယ်” ညီမတို့လို ကျူးကျော်တွင် နေထိုင်ကြသော်လည်း အိမ်ထောင်စုစာရင်း ရှိလျှင်မှတ်ပုံတင် လုပ်၍ရသည် ဆိုတာကို မသိနားမလည်ကြသဖြင့် နိုင်ငံသားကတ်မလုပ်ကြသော ညီမတို့လို ကျူးကျော်မှာ နေတဲ့သူတွေဘယ်လောက် ရှိနေပြီမသိနိုင်ဘူး” ဟု ညိုညိုညီးတွား လိုက်သည်။ အခုတော့ ညိုညိုတို့မောင်နှမတွေ Paralegal ပြောထားခဲ့သော လိုအပ်တဲ့ အထောက်အထားစာရွက်စာတမ်းတွေ လိုက်စုနေပါပြီ။ ပြည့်စုံသည့်နေ့တွင် လဝကရုံးသို့ သွားရောက်လျှောက်ထားပါတော့မည်။ နိုင်ငံသားကတ် ရရှိခဲ့လျှင်လည်း အိမ်နီးနားချင်းများအား ပြောပြ၍ မောင်နှမနှစ်ယောက် လစာကောင်းသော အလုပ်ကိုရှာပြီး မိဘများကို ကောင်းကောင်း ထားနိုင်တော့မည်ဖြစ်ပါသည်။ ထို့ကြောင့် မောင်နှမနှစ်ဦးစလုံး ဝမ်းသာနေကြပါသည်။
ညိုညိုတို့မိသားစုတွေကဲ့သို့ ကျူးကျော်များတွင် နေထိုင်ကြသော်လည်း မူလအိမ်ထောင်စု စာရင်းရှိကြပြီး နိုင်ကတ်ပြုလုပ်ရသည်ဟု မသိကြပါ။ ကျူးကျော်များတွင် အိမ်ထောင်စု စာရင်းသစ်များ ပြုလုပ်၍ရသည်အထင်နှင့် မူလအိမ်ထောင်စုမှ ထွက်ထားကြသောလူများ ဘယ်လောက်ရှိနေကြမလဲ ဆိုတာ စိုးရိမ်စရာပင် ဖြစ်သည်။ ထို့ကြောင့် ညိုညိုတို့ မိသားစုတွေလို မသိနားမလည်၍ နိုင်ငံသားကတ်မရှိကြသောသူများ၊ မှတ်ပုံတင်အငှားများဖြင့် အလုပ်လုပ် နေကြသော သူများမည်မျှရှိကြမည်နည်း မေးခွန်းများစွာနှင့်ပါ။ ထို့အတွက်ကြောင့် ညိုညို တစ်ယောက် “စက်ရုံက သူငယ်ချင်းတွေကို နိုင်ငံသားကတ်လုပ်ဖို့ကို တစ်ဆင့် ပြန်လည်တိုက်တွန်းဖို့ စိတ်အားထက်သန်နေကြောင်းနဲ့ BRAVEHEART Foundation နှင့်တကွ paralegal အစ်မကိုလည်း ကျေးဇူးတင်ကြောင်း” ထပ်ခါထပ်ခါ ပြောလာခဲ့သည်။
ထို့ကြောင့် ညိုညိုတို့မိသားစုတွေလို မသိနားမလည်၊ ဗဟုသုတနည်းပါးသော ကျူးကျော် ရပ်ကွက်များ အတွင်းရှိ လူထုကြားထဲ နားလည်မှုလွဲနေခြင်းများကို မှန်ကန်သည့်သတင်း အချက်အလက်များမျှဝေခြင်း၊ လဝကလုပ်ထုံးလုပ်နည်းနှင့် ဖြေလျှော့ပေးခြင်းများ လျှောက်ထားမှု လုပ်ငန်းစဉ်များအတွက် ကူညီလမ်းပြပေးခြင်းများ ပြုလုပ်ပေးနေသော BRAVEHEART Foundation အဖွဲ့အစည်းမှ Paralegal များကဲ့သို့ အခြား NGO များနှင့် မိတ်ဖက်အဖွဲ့အစည်း များကို လဝကမှတာဝန်ရှိဝန်ထမ်းများက CSO များ၊ CBO များနှင့် ပံ့ပိုးကူညီလက်တွဲ ဆောင်ရွက် ပေးကြလျှင်ဖြင့် ညိုညိုတို့ကဲ့သို့ အခက်အခဲများမှ လွတ်မြောက်အဆင်ပြေနိုင်ကြမည်ဟု ထင်မြင်မိပါသည်။