“ အိမ်ထောင်စုစာရင်းမရှိလို့ပါ ”
Paralegal – Lwin Mar Oo
“မှတ်ပုံတင်(နိုင်ငံသားစီစစ်ရေးကဒ်)က ဒီလောက်အရေးကြီးမှန်း မသိခဲ့ဘူး။ ခရီးသွားထောက်ခံစာ လုပ်ဖို့လောက်သိခဲ့တာ၊ အခုတော့ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး ….ဆရာမရယ်”ဟု စိတ်ပျက်အားငယ်စွာပြောလာသည့်သူမှာ ကရင်တိုင်းရင်းသားကြီး ဦးယုနိုင် ဖြစ်သည်။
အမှုသည်များနှင့်ကျမ စတင်တွေ့ဖို့အကြောင်းဖန်လာပုံကို ကျမမှတ်မိနေဆဲ။ အဲဒီနေက ၂၀၁၉ ခု၊ မတ်လ(၁၀)ရက်၊ တနင်္ဂနွေနေ့။ ကျမအိမ်မှာ တစ်ယောက်တည်း ဂိမ်းဆော့နေချိန်။ ဂိမ်းနိုင်ခါနီးကြမှ မမျှော်လင့် ဘဲ ရုတ်တရက်ဖုန်းမြည်သံကြောင့် စိတ်တိုပြီး ဖုန်းကိုင်ခဲ့သည်။ “ဟလိုးးး” လို့ကျမစတင်လိုက်ချိန်မှာပဲ တစ်ဖက်မှ သ့ူနာမည်မိတ်ဆက်ပြီး မှတ်ပုံတင် (နိုင်ငံသားကတ်) လုပ်ချင်လို့ပါတဲ့။ တစ်ဖက်မှပြောလာသောစကားကြောင့် ကျမတိုနေတဲ့စိတ် ပျောက်သွားပြီး ပျော်သလိုဖြစ်သွားခဲ့သည်။ ဘာကြောင့်လည်းဆိုတော့ ကျမက Paralegal (ရပ်ရွာအခြေပြုဥပဒေအထောက်ကူပြုသူ) အဖြစ်ခံယူထားတာလေ။ သူများကိုကူညီ ရမယ်ဆို ထမင်းမေ့ဟင်းမေ့။ တစ်ခါတစ်လေအမှုသည်က အရေးကြီးလို့ အမြန်လာပေးပါဆိုရင် ကိုယ့်မှာ ဖိနပ်တောင်ဘယ်တစ်ဖက်၊ ညာတစ်ဖက်နဲ့ အပြေးအလွှားသွားလိုက်သေးတယ်။
ဖုန်းဆက်လာတဲ့ညီမလေးကို “ညီမလေးရေ အစ်မတို့က နိုင်ငံသားကတ် ပတ်သတ်ပြီး ကူညီပေး တာတော့မှန်ပါတယ်ညီမလေး၊ အစ်မတို့က လဝကဝန်ထမ်းတွေ မဟုတ်သလို ငွေကြေးယူပြီးလုပ်ပေးတဲ့ကြားပွဲစားတွေလည်းမဟုတ်ဘူးနော်၊ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားကတ် လျှောက်ထားမှုလုပ်ငန်းစဉ်များ ကိုသိပြီး မိမိကိုယ်တိုင်နိုင်ငံသားကတ် လျှောက်ထားနိုင်ရန် အသိပညာပေး လမ်းညွှန်ပေးတာပါ၊ အစ်မတို့က လုပ်ပေးမှာမဟုတ်ပါဘူး၊ ညီမအနေနဲ့စိတ်ဝင်စားမှုရှိရဲ့လား” ဟု Paralegal ပီပီ မိမိ၏လုပ်ငန်းစဉ်နှင့် မိတ်ဆက်ပေးခဲ့သည်။ တစ်ဖက်ကလည်း စိတ်မလျှော့ပဲ “ ဟုတ်ကဲ့စိတ်ဝင်စားပါတယ်၊ အဲ့လိုဆိုပိုကောင်းတာပေါ့၊ ညီမတို့ မိသားစု(၉)ဦးလုံးမှာ မှတ်ပုံတင်(နိုင်ငံသားကတ်)မရှိကြဘူး” တဲ့ “ဘုရား” လို့ ကျမ တ လိုက်မိသည်။ ညီမလေးအသက်ကိုမေးတော့ (၂၂)နှစ်၊ နာမည်က နော်အေးစတားပါတဲ့။ ကျမကပဲ ဟုတ်ပြီညီမလေးလိပ်စာပြော အစ်မတနင်္ဂနွေနေ့ ညီမလေးတို့အိမ်လာခဲ့မည် ဆိုပြီး လာမည့် အချိန်ကို ပြောလိုက်သည်တွင် နော်အေးစတားတစ်ယောက် ဝမ်းသာသွားပြီး ဟုတ်ကဲ့ပါကို အထပ်ထပ်အခါခါ ပြောရင်းဖုန်းချသွားခဲ့သည်။
တနင်္ဂနွေနေ့ နေ့လည်(၂)နာရီ ချိန်းဆိုထားသည့်အတိုင်း နော်အေးစတားတို့ မိသားစုနဲ့ တွေ့ဖို့ကျမသွားခဲ့သည်။ ရောက်တယ်ဆိုရင်ပဲ နော်အေးစတား၏ မိခင်(အမိုး)က ဝမ်းသာအားရနှင့် နှုတ်ဆက်ကာနေရာပေးသည်။ အမိုးက “လူချင်းတစ်ခါမှမတွေ့ဘူး၊ ဆရာမတို့ ရပ်ကွက်ထဲ လာတုန်းကလည်း အမိုးတို့ က မသိလိုက်ဘူးဆိုတော့လေ အခုလို အကူညီတောင်းတော့ တကယ်လာပါ့မလားဆိုပြီး စိတ်ကထင့်နေတာ” ဆိုပြီး တိုင်းရင်သားပီပီ မယုံမရဲလေသံလေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည်။ “ဟုတ်ကဲ့ ကျမတို့ကလည်း နိုင်ငံသားကတ် ကိုယ်တိုင် လျှောက်ဖို့ စိတ်ဝင်စားတဲ့သူတွေကို ကူညီပေးရတာဆိုတော့ချိန်းထားပြီးရင် မဖြစ်မနေရောက် အောင်လာပါတယ်”လို့ အမိုးရဲ့စကားကို ပြန်ပြီး အသိအမှတ်ပြုခဲ့ပါတယ်။ ကိုယ့်အတွက် စီစဉ် ပေးသည့် နေရာတွင်ထိုင်ပြီး ကိုယ့်အဖွဲ့၏ နာမည်၊ အဖွဲ့လုပ်ငန်းစဉ်တွေကို စတင်မိတ်ဆက် ပြီးတဲ့ အခါမှာ “ ဘာကြောင့်မိသားစုလိုက် နိုင်ငံသားကတ်မရှိတာလဲ” လို့ ကျမ မေးခွန်းနှင့် စတင်လိုက် သည်။ အမိုးက ခပ်သွက်သွက်ပဲ ဖြေလိုက်ပါတယ် “ အိမ်ထောင်စုစာရင်းမရှိလို့ပါ” တဲ့။ အိမ်ထောင်စုစာရင်းဘာကြောင့်မရှိတာလဲ၊ နိုင်ငံသားကတ်ရှိရင် ဘာတွေလုပ်လို့ရလဲ၊ နိုင်ငံသား ကတ်မရှိရင်ရော ဘာတွေဖြစ်လာနိုင်လဲ စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပညာပေးသည့်အခါတွင်လည်း ၎င်းတို့မိသားစု၏ အဓိကလိုအပ်ချက်ပေါ် မူတည်ပြီး ဆွေးနွေးခဲ့ကြသည်။ နိုင်ငံသားကတ်ပြုလုပ်လျှင် အိမ်ထောင်စုစာရင်းသည် မဖြစ်မနေလိုအပ် သော အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ၊ အိမ်ထောင်စုစာရင်းလျှောက်ထားမှု လုပ်ငန်းစဉ် များကို နှစ်မျိုးခွဲရှင်းပြပေးခဲ့သည်။ အိမ်ပိုင်နှင့်အိမ်ငှါး၊ အိမ်ရှင်ဖြစ်လျှင် အိမ်ပိုင်ဆိုင်မှု အထောက် အထား (စာချုပ်၊ အိမ်ဂရမ်မိတ္တူ၊ အိမ်ဓာတ်ပုံ၊ အိမ်သားများ၏ဓာတ်ပုံ၊ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်ကြောင်းထောက်ခံချက်၊ ရဲစခန်း၏ထောက်ခံချက်၊ အိမ်ငှါးဖြစ်လျှင် အိမ်ရှင် အိမ်ငှါးစာချုပ်၊ အိမ်ရှင်မှ၎င်း၏ အိမ်လိပ်စာဖြင့် အိမ်ထောင်စုစာရင်းပြုလုပ်ရန် သဘောတူညီ ကြောင်း ထောက်ခံချက် များပါဝင်ရမည်။ အိမ်ထောင်စုစာရင်း ပြောင်းဝင်မည် ဆိုပါက မူလနေရာမှ ပုံ(၁၀)အထွက် ယူရမည်ဖြစ်သည်။ ဝင်ရမည့်အိမ်ထောင်ဦးစီးမှ ခွင့်ပြုကြောင်း ထောက်ခံစာလုပ် ရမည် စသည့် တို့ကို အသေးစိတ် ရှင်းပြပေးခဲ့သည်။
ပြဿနာ၏ အဓိက အကြောင်းရင်းက ကျူးကျော်မှာ အခြေချနေမိသည့်အတွက် မိသားစုတစ်ခုလုံး နိုင်ငံသားကတ်လုပ်ဖို့မပြောနဲ့ အိမ်ထောင်စုစာရင်းနှင့်တောင် မလုပ်နိုင်ခဲ့ပါ။ ဦးယုနိုင်သည် သားသမီး(၇) ယောက်နှင့်အတူ လှိုင်သာယာမြို့နယ်အတွင်းရှိ အမှတ်(၂၀)ရပ်ကွက်၊ မင်းရာဇာလမ်း၊ အပိုင်(၇)ကွက်သစ်(ကျူးကျော်) တွင်နေထိုင်လျှက်ရှိပါသည်။ ယခင်က ဦးယုနိုင်တို့မိသားစုသည် (၆) ရပ် ကွက်တွင် အိမ်ငှါးအဖြစ်နှင့် နေထိုင်ခဲ့ကြသည်။ ဦးယုနိုင်သည် မြောက်ဥက္ကလာပဇာတိဖြစ်ပြီး နိုင်ငံသားကတ်ကိုင်ဆောင်ထားသည်။ ဒေါ်နန်းအေးသည် ပဲခူး ဇာတိဖြစ်ပြီး နိုင်ငံသားကတ်ကိုင်ဆောင်ဖူးသည်။ ရန်ကုန်တွင်သားသမီးမိသားစု နှင့်အတူ အိမ်ထောင်စုရင်း ပြုလုပ်ရန် ပဲခူးမှ ပုံစံ(၁၀)အထွက်ယူလာခဲ့သော်လည်း ယခုအချိန်အထိ မည်သည့်အိမ်ထောင်စုစာရင်းတွင်မှ ဝင်ရောက်ထားခြင်းမရှိပါ။ ထို့အပြင် နိုင်ငံသားကတ် နံပါတ်သာမှတ်မိပြီး ကတ်ပျောက်ဆုံးနေသည်။ (၆)ရပ်ကွက်မှာ နေစဉ်ကတည်းက သားသမီး တွေနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ချင်သော်လည်း အိမ်ငှါးဆိုလျှင် လုပ်မရဘူးဟု ပတ်ဝန်းကျင်မှ ပြော၍ သိခဲ့ရသည့်အတွက် မလုပ်ဖြစ်ခဲ့ကြောင်းဦးယုနိုင်ဝန်ခံလာသည်။ ငွေရေးကြေးရေး အခြေအနေကြောင့် ကျူးကျော်ရပ်ကွက်တွင် သွားရောက်၍ ခြံကွက်ကလေးကို စာချုပ်ဖြင့် ဝင်နေခဲ့သည်။ သားသမီးများကြီးလာသည့်အချိန်တွင် နိုင်ငံသားကတ်လုပ်ချင်သော်လည်း ကျူးကျော်တွင်နေသည့်အတွက် လုပ်မရဘူးဆိုရုံသာ သိထားကြသူတွေ ဖြစ်သည်။
ဦးယုနိုင်၏ သမီးအကြီးဆုံးမှာ အသက်(၂၂)ရှိ ပြီး အခြားသူ၏ နိုင်ငံသားကတ်ကိုအငှါးဖြင့် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်လုပ်နေရသည်။ အသက်(၂၀)ရှိသားတစ်ယောက်မှာ နိုင်ငံသား ကတ်မရှိ၍ ကျပမ်းအလုပ်ဖြင့်မိသားစုအတွက် တစ်ဖက်တစ်လမ်းမှကူညီ ဆောင်ရွက်ပေး နေရသည်။ ၁၈ နှစ်အရွယ် အမွှာညီအစ်ကို (၂)ယောက်သည် ကျောင်းတွင် လဝကမှ ကွင်းဆင်းပြီး နိုင်ငံသားကတ် ပြုလုပ်ပေးသော်လည်း အိမ်ထောင်စုစာရင်းမရှိ၍ မလုပ်ခဲ့ရပါ။ ၁၂နှစ်အရွယ် (၂)ယောက်နှင့်(၉)နှစ်အရွယ် ကျောင်းသားများသည်လည်း အိမ်ထောင်စုစာရင်းမရှိ၍ မွေးတိုးပင် မထည့်ရသေးပါ။ အရွယ်ရောက်ပြီးသား ကလေးများမှာ နိုင်ငံသားကတ်မရှိ၍ အခြေတကျ လုပ်နိုင်သည့်လုပ်ငန်း များကိုမလုပ်ရဘဲ ကြုံရာအလုပ်ကို မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရသည်။
Paralegal(ဥပဒေအထောက်အကူပြု) တစ်ယောက်အနေဖြင့် ဖြစ်စဉ်ပေါ် မူတည်ပြီး ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးခဲ့သည်။ နိုင်ငံသားကတ် ပြုလုပ်နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သော အိမ်ထောင်စုစာရင်း အရင်ပြုလုပ်နိုင်ရန် စတင်အကြံပြု ဆွေးနွေး ခဲ့သည်။ ဒေါ်နန်းအေး၏ ညီမအရင်းသည် အိမ်ပိုင်ဖြင့် (၁၆)ရပ်ကွက်တနေကြောင်း သိရသဖြင့် ၎င်း၏အိမ်နံပါတ်ဖြင့် အိမ်ထောင်စုစာရင်းပြုလုပ်လိုကြောင်း အကူညီတောင်းရာ ၎င်းမှလက်ခံ ခဲ့သည့်အတွက် မျှော်လင့်ချက်အလင်းတန်းလေး မြင်ခဲ့ရသည်။ သို့အတွက်ကြောင့် နာလည်မှုဖြင့် အိမ်ရှင်အိမ်ငှါးစာချုပ်ချူပ်ခဲ့ကြသည်။ အိမ်ရှင်မှခွင့်ပြုချက်၊ အိမ်ဂရမ်မိတ္တူ၊ အိမ်ပိုင်ရှင်၏ အိမ်ထောင်စုစာရင်းမူရင်းနှင့် နိုင်ငံသားကဒ်မိတ္တူများ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထောက်ခံချက် ရဲစခန်းထောက်ခံစာ၊ ဒေါ်နန်းအေး၏ ပုံစံ(၁၀)အထွက် ဦးယုနိုင်၏ နိုင်ငံသားကတ် နှင့်အတူ ဦးယုနိုင်အားလိုအပ်သည်များ ပြင်ဆင်ပေးပြီး လှိုင်သာယာလဝကရုံးသို့ သွားရောက်၍ အိမ်ထောင်စုစာရင်း လျှောက်ထားစေခဲ့သည်။ သက်ဆိုင်ရာ လဝကတိုက်နယ်မှုးမှ ဦးယုနိုင်၏ ပုံစံ(၁၀)အထွက်မပါသည့် အတွက် ဇာတိဖြစ်သော မြောက်ဥက္ကလာလဝကတွင် ပုံစံ(၁၀) အထွက်သွားရောက် ယူရန်မှာကြားလိုက်သည့်အတွက် ဦးယုနိုင်သည် သမီးဖြစ်သူနှင့်အတူ မြောက်ဥက္ကလာလဝကတွင် ပုံစံ(၁၀) အထွက်သွားရောက်ယူခဲ့သည်။ ထိုအချိန်တွင် တာဝန်ကျ ဝန်ထမ်းတစ်ဦးမှ ဦးယုနိုင်မိသားစု အိမ်ထောင်စုစာရင်း ရုံးလက်ခံ(OC)မရှိကြောင်းပြောလိုက်၍ ဘာမှပြန်မမေးရဲ၍ ပြန်လာခဲ့ကြရသည်။
ဦးယုနိုင်တွင် မိသားစုဝင်များစွာရှိပြီး ၎င်းတို့သည်လည်း မြောက်ဥက္ကလာတွင် သူ့အိမ်ထောင်စုစာရင်းနှင့်သူဖြစ်နေကြသည်။ ကျန်မိသားစုဝင်များ အိမ်ထောင်စုစာရင်း လုပ် လျှင်လည်း ဥပဒေပါလုပ်ထုံးလုပ်နည်းများအရ ယခင်မိသားစုအိမ်ထောင်စုစာရင်းမှ ပုံစံ(၁၀) အထွက်ယူကြရမည်မှာ ဧကန်မလွဲပေ။ ကျန်မိသားစုဝင်များ အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် မူလအိမ်ထောင်စုစာရင်းကို ရုံးလက်ခံရှိမရှိ ပြန်လည် တိုက်ဆိုင်စစ်ဆေးကြည့်ရမည်ဖြစ်သည်။ အဲ့အချိန်တုန်းကတောင် မိသားစုဝင်များ အိမ်ထောင်စုစာရင်း ပြုလုပ်ရန် ရုံးလက်ခံ(OC) တွေ့ခဲ့လျှင် ဦးယုနိုင်အလှည့်မှ ဘာကြောင့်(OC) မတွေ့ရသလဲဟု စဉ်းစားစရာပင် ဖြစ်လာ ခဲ့သည်။ ထို့ကြောင့် Paralegal တစ်ယောက်အနေဖြင့် မြောက်ဥက္ကလာ လဝကရုံးကို နောက်တစ်ကြိမ် ထပ်မံသွားရောက်ပြီး တာဝန်ကျဝန်ထမ်းကို အကျိုးအကြောင်းရှင်းပြ၍ ထပ်မံ (OC) ရှာရန်တိုက်တွန်းခဲ့သည်။ ထိုအခြေအနေမျိုးမှ အဆင်မပြေပါက သက်ဆိုင်ရာအပိုင် တိုက်နယ်မှုးနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ထိုမှတဆင့်လိုအပ်ပါက ဦးစီးမှုးနှင့်တွေ့ဆုံ ဆွေးနွေးရန် လမ်းညွှန်ပေးခဲ့သည်။ ထို့အပြင် ကျုးကျော်တွင်နေသော်လည်း အခြားနည်းလမ်းများဖြင့် အိမ် ထောင်စုစာရင်းလျှောက်ရန် ကြိုးစားပါကရနိုင်ကြောင်း၊ သားသမီးများနောင်ရေးအတွက် စိတ်ဓာတ်မကျပဲ ဆောင်ရွက်ရန်အားပေးနှစ်သိမ့်ခဲ့သည်။ ထိုစကားမဆုံးခင်မှာပင် “ မှတ်ပုံတင် (နိုင်ငံသားကတ်)ကဒီလောက်အရေးကြီးမှန်းမသိခဲ့ပါဘူး။ ခရီးသွားထောက်ခံစာလုပ်ဖို့လောက်ပဲ သိခဲ့တာ အခုတော့ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး ဆရာမရယ်……….” ဟု စိတ်ပျက် အားငယ်သော လေသံနှင့် ပြောလာခဲ့သည်။
ဒေါ်နန်းအေးမှလည်း “ ဆရာမရယ် လူမျိုးခြားတွေတောင် ရတယ်။ အမိုးတို့က ဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာ ကြီးတာလေ ဒါတောင်ခက်ခဲနေတော့ အိမ်ထောင်စုစာရင်းကို ဆက်တောင် မလျှောက်ချင်တော့ဘူး” ဟု စိတ်မကောင်းသည့်ဟန်ဖြင့် ရင်ဖွင့်လာခဲ့သည်။ Paralegal (ဥပဒေအထောက်အကူပြုသူ) ဖြစ်လေတော့ သိထားတဲ့ဥပဒေနှင့် လုပ်ငန်းစဉ်များကို ထပ်မံပညာပေး နှစ်သိမ့်ရပြန်သည်။ အမှုသည်၏ အယူအဆလွဲမှားနေမှုများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပုဒ်မ(၅)ပါအချက်များအရ တိုင်းရင်းသားလည်းကောင်း တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသားများဖြစ်သည်ဟု ဥပဒေပြဌါန်းထား သည့်အတွက် လိုအပ်ချက်များကို ကြိုးစားရှာဖွေပြီး ဥပဒေအတိုင်း ဆောင်ရွက်ပါက ရနိုင်ကြောင်း ကိုလည်း ဆွေးနွေးခဲ့သည်။ ထို့အပြင် လူမျိုးခြားဆိုသည့်နေရာတွင် အိန္ဒိယနှော နှင့် တရုတ်နှော များကို ပုဒ်မ(၆၊၇)အရနိုင်ငံသား အဖြစ်လျှောက်နိုင်ကြောင်း ပြဌါန်းထားသော်လည်း လုပ်ငန်းစဉ် များသည် တိုင်းရင်းသားများထက် ပို၍ခက်ခဲကြောင်း ၎င်းတို့ကြိုးစားမှုကြောင့်သာ ရခဲ့ကြောင်း မိမိတို့စိတ်ထဲထင်သလိုမလွယ်ကူကြောင်း ရှင်းပြပေးခဲ့သည်။ စာရွက်စာတမ်းများကို ပေါ့ပေါ့ဆဆ မထားကြပဲ တလေးတစား သိမ်းဆည်းကြရန်နှင့် အထောက်အထား စာရွက်စာတမ်းများသည် သားစဉ်မြေးဆက်အထိ အရေးပါကြောင်း အသိပညာပေးခဲ့ပြီး နောက်တစ်ကြိမ် မြောက်ဥက္ကလာ လဝကသို့ (OC)ရှာရန်ထပ်မံ သွားရောက်ပါက Paralegal ကိုယ်တိုင်လိုက်ပါ ကူညီမည် ဖြစ်ကြောင်းကတိပေးခဲ့သည်။
ဦးယုနိုင်မိသားစု၏ ဖြစ်စဉ်ကို လေ့လာခြင်းဖြင့် အိမ်ထောင်စုစာရင်းများ (သို့) နိုင်ငံသားကတ်ပြုလုပ်လျှင် ရုံးလက်ခံရှိမရှိကို ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ကြောင်း သိလာရသည်။ အိမ်ထောင်စုစာရင်းသည် နိုင်ငံသားကတ် ပြုလုပ်ရန်အရေးကြီးသောအခြေခံ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားကတ်မရှိပါက အလုပ်အကိုင်အခွင့်အလမ်းများ အပြင် အခြားနိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနိုင်ခြင်း၊ မျိုးရိုးစဉ်ဆက်အလိုက် အထောက်အထား မရှိခြင်းများအပြင် အခြားမလိုလားအပ်သော ဆိုးကျိုးများလည်း ဖြစ်လာနိုင်သည်။ ပြည်သူများ အနေဖြင့် လဝက၏လုပ်ထုံးလုပ်နည်းများ၊ ဥပဒေနည်းဥပဒေများကို သိရှိနားလည်မှုမရှိခြင်း၊ ဌါနဆိုင်ရာများ၏ ပြည်သူများပေါ်ပေးသော ဝန်ဆောင်မှုများ အားနည်းနေသည်ကိုလည်း တွေ့ရသည်။
အကြံပြုတိုက်တွန်းလိုသည်မှာ နိုင်ငံသားစာရွက်စာတမ်း လျှောက်ထားမှုလုပ်ငန်းစဉ်များ နှင့်ပတ်သတ်၍ မြို့နယ်ရုံးများသို့ သွားရောက်ရသည့် အခြေအနေအပြင် အချို့သော လုပ်ငန်း စဉ်များအတွက် လဝကဝန်ထမ်းများအနေဖြင့် အပတ်စဉ်တိုင်း သတ်မှတ်ရက်ထား၍ ရပ်/ကျေးများ အဆင့်ဆင်း၍ ထိရောက်သော ဝန်ဆောင်မှုများပေးလျှင် ပြည်များ၏ အထောက်အထား စာရွက်စာတမ်းရရှိမှုသည် လက်လှမ်းမှီလာနိုင်မည်ဟု ယူဆရပါသည်။ လဝကဝန်ထမ်းများ အနေဖြင့် NGO CSO CBO များနှင့်ပူးပေါင်းကာ လျှောက်ထားမှုလုပ်ငန်းစဉ်များကို ပြည်သူများကြား ပိုမိုသိရှိလာစေရန် သင်တန်းများပေးခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေ ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာပါသည်။ အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှု ပိုမို ခိုင်မာလာပြီး ပြည်သူများအတွက် လျှောက်ထားမှုလုပ်ငန်းစဉ်သည် အဟန့်အတား ဖြစ်မနေပဲ လူတိုင်း ရဲဝင့်စွာလျှောက်ထားနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။ ။