“ နိုင်ငံသားဖြစ်မှုအား ငွေနှင့် ပေးဝယ်ရမည့်ဘဝ”
Paralegal – Khin Thawdar Soe
“ကျွန်တော်တို့က ပညာလည်းမတတ်ပါဘူး၊ ဆင်းလဲဆင်းရဲတယ်” “ မှတ်ပုံတင်တစ်ခုရဖို့ အတွက် ပိုက်ဆံသိန်းချီပြီး ပေးဝယ်ရမည့်သဘောဖြစ်နေတော့ စိတ်ဓာတ်တွေ အရမ်းကျနေပြီ” လို့ စိတ်ပျက်အားငယ်စွာ ပြောလာသော ကိုလှဌေး၏ မျက်နှာတွင် ဝမ်းနည်းရိပ်များနှင့်…………………။
ကိုလှဌေးမှ ယခုလိုရင်ဖွင့်စကားသံ၏ နောက်ကွယ်တွင် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်။ ကိုလှဌေးသည် အသက်(၄၄)နှစ်ရှိပြီး မောင်နှမလေးယောက်ထဲတွင် အကြီးဆုံးသား ဖြစ်သည်။ ကိုလှဌေးတို့မိသားစုသည် ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာ ဇာတိဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်လာသည်မှာ နှစ်(၃၀)နီးပါး ရှိနေပြီ ဖြစ်သည်။ ကိုလှဌေးမှာလူပျိုဘဝမှစပြီး ကလေးနှစ်ယောက်ရသည်အထိ အလုပ်တွေတစ်မျိုးပြီး တစ်မျိုးပြောင်း ခရီးများခဏခဏသွားရနှင့် မိသားစုနှင့်အတူနေချိန် နည်းပါးလွန်းလှသည်။ အလုပ်တွေခဏခဏ ပြောင်းလုပ်နေသော်လည်းမဆန်းပါ။ တစ်ချို့အလုပ်များမှာ နိုင်ငံသားကတ် မရှိသောကြောင့် မခန့်ခဲ့ပေ။ နိုင်ငံသားကတ်မရှိဘဲ ပြုလုပ်၍ရသော အလုပ်များတွင်ဝင်လုပ် ပြန်တော့လည်း လူပင်ပန်းသလောက် ငွေရနည်းပြန်သည်။ ရင်းနှီးသူများမှ လစာကောင်းရသည့် အလုပ်များဝင်နိုင်ရန် ကူညီခဲ့သော်လည်း နိုင်ငံသားကတ် မရှိသောကြောင့် လက်လွှတ်ခဲ့ရတာ အကြိမ်ကြိမ်ပင် ဖြစ်သည်။
နိုင်ငံသားကတ်ပြုလုပ်ရန်ယခင်က ကိုလှဌေးကြိုးပမ်းဆောင်ရွက်ခဲ့ဖူးသည်။ သို့သော်လည်း မိသားစုမှ မည်သို့ဆောင်ရွက်ရမည်မသိ၊ ပတ်ဝန်းကျင်မှ သူများကိုမေးသော်လည်း ဘာမှထူးခြား မှုမရှိခဲ့ပါ။ လျှောက်ထားမှုလုပ်ငန်းစဉ်ကို နားမလည်ကြသောကြောင့် ယခုအချိန်အထိ မလုပ်ဖြစ်ခဲ့ ခြင်းဖြစ်သည်။ ကိုလှဌေး၏ဖခင်သည် ညောင်တုန်းြမို့နုယ်တွင် အိမ်ထောင်စုစာရင်းတစ်ခု ပြုလုပ် ထားဖူးခဲ့သည်။ အဖေဖြစ်သူပြုလုပ်ခဲ့သော အိမ်ထောင်စုစာရင်းတွင် ကိုလှဌေးအပါအဝင် မိသားစုဝင်(၅)ဦးပါဝင်ခဲ့သည်။ အိမ်ထောင်စု စာရင်းထဲတွင်လည်း ကိုလှဌေးတို့ မောင်နှမအားလုံး၏ (YDN…..) နံပါတ်များ ပါဝင်ခဲ့သည်။ မဲပေးရသည့်ကာလတွင် ကိုလှဌေးတို့တွင်ရှိသော (YDN….) ကတ်ကိုသိမ်းပြီး ယာယီသုံးခေါက်ချိုးကတ်ကို လဲလှယ်ပေးခဲ့သည်။ ကိုလှဌေး၏ မိခင်ကြီးမှာလည်း သေဆုံးသွားသည့်တိုင်အောင် မည်သည့်ကတ်မျှ ကိုင်ဆောင်ထားခြင်းမရှိပါ။ ကိုလှဌေးတို့ကိုယ်တိုင်လည်း မည်သို့ပြုလုပ်ရမည်ကိုမသိရှိခြင်း၊ ရုံးဌါနသို့ မသွားရဲခြင်းတို့ကြောင့် နိုင်ငံသားကတ် မလျှောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ကိုလှဌေး၏ညီမသည် ရပ်ကွက်ထဲရှိ ဥပဒေအထောက်ကူ ပြုသူတစ်ဦး၏ ပညာပေးပွဲတစ်ခုတွင်တွေ့ဆုံပြီး သူမ၏နိုင်ငံသားကတ်ကို စတင်လျှောက်ထား ခဲ့သည်။ ထိုအချိန်မှပင် ကိုလှဌေးတို့၏ မိသားစုအိမ်ထောင်စုစာရင်းမှာ “OC” (ရုံးလက်ခံ) မဝင်မှန်းသိခဲ့ကြသည်။ ယခင် ထိုအိမ်ထောင်စုစာရင်း ပြုလုပ်စဉ်အချိန်က ဖခင်ကြီးကိုယ်တိုင် သွားရောက်ပြုလုပ်ခြင်းမရှိဘဲ ရာအိမ်မှုးတစ်ဦးအား အကူအညီတောင်းခံကာ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် အိမ်ထောင်စု စာရင်းအသစ်အား ပြန်လည်လျှောက်ထားရန် စတင်လုပ်ဆောင် ခဲ့သည်။ ထိုသို့ပြန်လည် လျှောက်ထားချိန်တွင် ကိုလှဌေးသည် အလုပ်ကိစ္စဖြင့် နယ်သို့ရောက် နေခဲ့သည်။ ယောက်ဖဖြစ်သူ အိမ်ထောင်စုစာရင်းသွားရောက် ပြုလုပ်ရာတွင် အကြီးဆုံးသား ဖြစ်သော ကိုလှဌေး၏အမည်ကို မထည့်သွင်းခဲ့မိခြင်းဖြစ်သည်။ (မထည့်သွင်းရခြင်း အကြောင်းရင်း အစုံကို မိသားစုပြဿနာဖြစ်သောကြောင့် ကာယကံရှင်မှ မပြောလိုသဖြင့် ချန်လှပ် ခဲ့ပါသည်။)
လွန်ခဲ့သော(၇)လခန့်က ကိုလှဌေးတို့ရပ်ကွက်ထဲတွင် စီမံချက်နှင့်နိုင်ငံသား စီစစ်ရေး ကတ်များလာရောက် လုပ်ပေးခဲ့သည်။ ကိုလှဌေးလည်း အပြေးအလွှား သွားရောက်လျှောက်ထားခဲ့သည်။ ကိုလှဌေး သည် ၎င်း၏အမည်ပါဝင်သော အိမ်ထောင်စုစာရင်းအဟောင်း၊ မိသားစုဓာတ်ပုံ၊ ညောင်တုန်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှုး ထောက်ခံချက်များ၊ ညီမအလတ်၏ နိုင်ငံသားကတ် မိတ္တူ၊ ညီမ၏ နိုင်(၂) အတွင်းရှိ မောင်နှမစာရင်းတွင်လည်း ကိုလှဌေး၏ အမည်ပါဝင်သည်။ လက်ရှိနေထိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှုး၏ ထောက်ခံစာ ၊လိုအပ်ပါက ကျမ်းကျိမ်ရမည်ဆိုလျှင် ကျမ်းကျိမ်ပေးပါ့မည်။ လိုအပ်သည့်စာရွက်စာတမ်းမှန်မျှကို စုဆောင်းပြီး နိုင်ငံသားကတ် ကွင်းဆင်း ဆောင်ရွက်ရာတွင် သွားရောက်တင်ပြခဲ့သော်လည်း “ခင်ဗျားကိစ္စက စီမံချက်မှာဘာမှလုပ်လို့ မရဘူးရုံးကိုသာလာခဲ့ပါ’’ ဟုပြောလိုက်သည်တွင် ကိုလှဌေးတစ်ယောက် လဝက ဝန်ထမ်းလေး၏ စကားတွင် စွံ့အ သွားခဲ့ရသည်။
ကိုလှဌေးတစ်ယောက်ရုံးကိုရောက်လျှင် ပြေလည်လိမ့်မည် ဆိုသောအတွေးဖြင့် အားတက်သရော ရုံးကိုသွားခဲ့သော်လည်း အဆင်မပြေခဲ့ပါ။ တစ်ခေါက်ပြီးတစ်ခေါက်နှင့် လဝကရုံးကို (၇)ခေါက်သွားခဲ့ရသည်။ မွေးရပ်မြေမှလဝကကို နှစ်ကြိမ်ပြန်ခဲ့ရသည်။ နောက်ဆုံးတစ်ခေါက်တွင် လက်ရှိအိမ်ထောင်စု စာရင်းအသစ်၏ရုံးလက်ခံ(OC) ကိုရှာဖွေရန် ချိန်းဆိုခဲ့ပြီး (===)ရပ်ကွက်၏ အုပ်တွဲအမှတ်(===)အား အထားမှား၍ ပျောက်နေသည်ဟုဆို၍ အိမ်ပြန်လာခဲ့ရသည်။ (၅)ရက်ခန့်ကြာသောအခါ အပိုင်တိုက်နယ်မှုး အားဖုန်းဖြင့် မေးမြန်းကြည့်ရာအခြားလိုအပ်ချက်များ မပြောတော့ဘဲ “ခင်ဗျားတို့ဘယ်လောက် တတ်နိုင်လဲ?” ဟုမေးခဲ့သည်။ ကိုလှဌေးမှာ လက်လုပ်လက်စား ဖြစ်သည့်အပြင် စာရွက်စာတမ်းများကို စုဆောင်းရခြင်း၊ နယ်သို့ပြန်ရသည့် ခရီးစရိတ်များ ကုန်ကျထားခြင်းကြောင့် ငွေပမာဏများများ မတတ်နိုင်ကြောင်းပြောခဲ့ရာ ဝန်ထမ်းမှ “ဒါဆိုရင်တော့ (၁၀၀,၀၀၀) လောက်ပေးရမယ်၊ ဦးစီးမှူးနဲ့လည်း ဝင်တွေ့ရမယ်၊ ခင်ဗျားကိစ္စ အတွက်နဲ့ မြို့နယ်ရုံးတွေ ဘာတွေမသွားချင်ဘူးဆိုရင် အဲလောက်တော့ ပေးရမယ်” ဟုပြောပြီး ဖုန်းချသွားခဲ့သည်။
ကိုလှဌေးမှာ ပိုက်ဆံ(၁၀၀,၀၀၀) မပေးနိုင်၍ လဝကရုံးသို့ ထပ်သွားရန်စိုးရွံ့နေခဲ့သည်။ ထိုပမာဏ ကိုပုံပေးနိုင်သည့်အနေအထားလည်း လုံးဝမရှိပါ။ ထို့ကြောင့် စတင်လျှောက်ထားခဲ့သည့်အချိန်မှ ယခုချိန်အထိ (၇)လကျော်ကြာသည့်အထိတိုင် အိမ်ထောင်စုစာရင်းတွင် ၎င်း၏အမည် (သက်ကြီးမွေးတိုး) ထည့်သွင်းနိုင် ခြင်းမရှိသေးပါ။
ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ဥပဒေအထောက်အကူပြုသူ (Paralegal) မှကာယကံရှင် များအား စာရွက်စာတမ်းအားလုံး ရှာဖွေပေးရန် မဖြစ်မနေ မိမိမှာတာဝန်ရှိကြောင်း ရှင်းပြခဲ့သည်။ ငွေကြေးအလွန်အမင်း တောင်းခံခြင်း အပေါ်တွင်မိမိတို့တတ်နိုင်သည့် ပမာဏမဟုတ်လျှင် တိုက်နယ်မှုးနှင့်ညှိနှိင်း ဆွေးနွေးရန်နှင့် အဆင်မပြေခဲ့ပါက ဦးစီးမှုးနှင့် ဝင်ရောက်တွေ့ဆုံ၍ ညှိနှိုင်းရန်အကြံပေးခဲ့သည်။ ကိုလှဌေး၏ အမှုအခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ရှိနေပါသည်။
ကိုလှဌေး၏ ဖြစ်စဉ်တွင် ကာယကံရှင်ဘက်မှ မိမိတို့၏ စာရွက်စာတမ်းများအား ကိုယ်တိုင် ကိုယ်ကျဆောင်ရွက်ခြင်း မရှိဘဲ အခြားသူများကို အလွယ်တကူ ကိုယ်စား ဆောင်ရွက်ခိုင်းရာမှ စာရွက်စာတမ်းအတုများကို လက်ခံရရှိခဲ့သည်။ သို့အတွက် ကိုလှဌေးတို့မိသားစုတွင် မလိုလား အပ်သောပြဿနာများ ဖြစ်ပေါ်စေခြင်းဖြစ်သည်။ ကိုလှဌေး၏ဖြစ်စဉ်ကို နမူနာယူ၍ အထောက် အထား စာရွက်စာတမ်းများကို မိမိကိုယ်တိုင် ဆောင်ရွက်ရန်နှင့် အရေးကြီးသော စာရွက်စာတမ်း များအား ပေါ့ပေါ့တန်တန် သဘောမထားပဲ အလေးအနက်ထား ထိန်းသိမ်းရန် လိုအပ်သည်ကို သတိပြုမိစေချင်သည်။ ထို့အပြင် လဝကတွင်သွားရောက် လျှောက်ထားပါက အထောက်အထား စာရွက်စာတမ်းများကို လိုအပ်ချက်အရ ရှာဖွေစုဆောင်းပေးရန် လိုအပ်သည်ကိုလည်း သိထား သင့်သည်။
သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ဌါန၏လုပ်ထုံးလုပ်နည်းများကို မသိ နားမလည် ခြင်းများကြောင့် အချက်အလက်များ ဖြည့်သွင်းရာတွင်၎င်း၊ အချက်အလက်များ၏ လိုအပ်ချက် ရှာဖွေစုဆောင်းရာတွင် လိုအပ်ချက်များရှိနိုင်သည်။ ထိုလိုအပ်ချက်များကို ပြည်သူ့ဝန်ထမ်း အနေဖြင့် ပြည်သူများ၏ မသိနားမလည်မှုကို ဥပဒေကြောင်းအရ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များအရ အတတ်နိုင်ဆုံး အစဉ်ပြေချောမွေ့စေရန်ကူညီ ဖြေရှင်းပေး စေလိုသည်။ အခြေခံပြည်သူများသည်လဝက၏ လုပ်ထုံးလုပ်နည်းများ ၊ တည်ဆဲဥပဒေများကို (လုံးဝ) နားမလည်သူများ၊ လက်လှမ်းမမှီသူများ ဖြစ်နေကြသည်ကို ဥပဒေအထောက်ကူပြုသူ၏ ကူညီပေးနေသော အမှုမှတ်တမ်းများအရ သိခဲ့ရပါသည်။
ဝန်ထမ်းများအနေဖြင့် မိမိ၏ လုပ်ခလစာအပြင် အခြားလာဘ်လာဘများကို မျှော်ကိုးပြီး ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ ရှိပါလျှက် စာရွက်စာတမ်း အထောက်အထားပြည့်စုံပါလျှက် မိမိတို့၏ လုပ်ပိုင်ခွင့်ကို တလွဲ အသုံးပြုကာ ငွေရလိုမှုဖြင့် ထပ်မံတင်းကြပ်ခြင်းမျိုး မဖြစ်သင့်ပါ။ ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို တလွဲအသုံး ပြုခြင်းများကြောင့် အခြေခံလူတန်းစား ပြည်သူများ၏ ဘဝသည် နိုင်ငံသားကတ်ရရှိရန်မှာ ကြန့်ကြာနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရခြင်းများ ကြုံတွေ့ခဲ့ရသည်။ ထို့ထက်ပိုဆိုးသည်မှာ မိဘများ နိုင်ငံသားကတ်မရှိလျှင် သားသမီးများပါ နိုင်ငံသားကတ်ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ရပြီး သားစဉ်မြေးဆက် အထောက်အထား စာရွက်စာတမ်းဆုံးရှုံးရမည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ကိုလည်း အထူး အလေးအနက်ထားပေးစေလိုပါသည်။