“ ထို့အတူ ”
Paralegal – Tun Tun Win
ကျွန်တော်သည် BRAVEHEART Foundation အဖွဲ.တွင် တာဝန်ထမ်းဆောင်နေသော ရပ်ရွာအခြေပြု ဥပဒေအထောက်အကူပြုသူ (Paralegal) တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တာဝန်ကျရာ လှိုင်သာယာမြို့နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ကျွန်တော်တို့ဖွဲ.နှင့် ချိတ်ထားသော မိတ်ဖက်အဖွဲ့ဖြစ်သည့် ဖီးနစ်အဖွဲမှ အကူအညီပေးနေသော အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမ၏ နာမည်မှာ မီမီခိုင်ဖြစ်သည်။
မီမီခိုင်သည် ယခုလက်ရှိလှိုင်သာယာ (၅)ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် သားသမီးများနှင့် အတူနေထိုင်လျှက်ရှိသည်။ ယခင်က မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် ဦးဘဟန်လမ်းတွင် မွေးဖွားခဲ့ပြီး မိဘများနှင့် အတူနေထိုင်ပြီး သားသမီး(၄)ဦး ရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သည်။ အတန်းပညာ အလယ်တန်းအဆင့်သာ တက်ခဲ့ရသည်။ သူမတို့နေသော မရမ်းကုန်းမြို့နယ် မာလာမြိုင် မီးဘေးသင့် သောအခါ သူမတို့အိမ်လဲ မီးလောင်သည့်အထဲပါသွားခဲ့ပါသည်။ ထို့ကြောင့် မီးဘေးသင့်သူများနေရာကို ကျိုက်ဝိုင်းတွင် နေရာချထားပေးခြင်းကြောင့် မိသားစုလိုက် ကျိုက်ဝိုင်းတွင်နေထိုင်ခဲ့ကြသည်။ သူမတို့အိမ်ထောင်စုနှင့် မှတ်ပုံတင်ကို မရမ်းကုန်း ကျိုက်ဝိုင်းလိပ်စာဖြင့် ပြုလုပ်ခဲ့ပါသည်။ အသက် (၁၈)နှစ်တွင်အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်မွေးဖွားခဲ့သည်။ မိသားစုစားဝတ်နေရေး အဆင် မပြေ၍ ကျိုက်ဝိုင်းမှအိမ်လေးရောင်းပြီး မိသားစုလိုက် ဒေါပုံသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ ဒေါပုံတွင် ပထမအိမ်ထောင်ကွယ်လွန်သွားပြီး နောက်အိမ်ထောင်ပြုခဲ့သည်။ ဒုတိယအိမ်ထောင်နှင့် သားလေး တစ်ဦးရခဲ့သည်။ ကလေး(၃)နှစ်ခန့်တွင် အိမ်ထောင်ရေးအဆင်မပြေ၍ နှစ်ဦးသဘောတူကွာရှင်း ခဲ့ကြသည်။ မိသားစုစားဝတ်နေရေး အဆင်မပြေ၍ ဒေါပုံမှအိမ်လေးကိုရောင်းပြီး ကျိုက်ဝိုင်းသို့ ပြန်လည်ရောက်ရှိပြီး အိမ်ငှါးဖြင့်နေထိုင်ရန် ပြောင်းလာသောအခါ ဒေါပုံမှသူမ၏ ပုံစံ(၁၀)ကိုတခါထဲယူလာပြီး ကျိုက်ဝိုင်းတွင် ပြန်လုပ်ရန်ရည်ရွယ်ပြီး မပြုလုပ်ဘဲ ကလေးနှစ်ယောက်ရဲ့စရိတ်နှင့် အိမ်ငှါးခ၊ စားဝတ်နေရေးတို့ကြောင့် မီမီခိုင်တစ်ယောက် အိမ်ထောင်စုစာရင်း ပြန်မလုပ်ဖြစ်တော့။ ကလေးတွေတစ်ဖက်နှင့် ပညာလည်းမတတ်တော့ အဆင်ပြေစေရန် ဘုရင့်နောင်ရှိ KTV တစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် Sex worker တစ်ယောက်အဖြစ် မိသားစု အခက်အခဲကို ဖြေရှင်းခဲ့ရသည်။
ကျိုက်ဝိုင်းတွင်အိမ်ဌားနေရင်း မိမိရရှိသောဝင်ငွေနှင့် မလောက်ငှသောကြောင့် (၂၀၁၃)တွင် လှိုင်သာယာသို့ အဆောင်ဌားနေခဲ့ပါသည်။ ယခုအခါ မီမီခိုင်၏ သမီးကြီးသည် အသက်(၂၅)နှစ်ရှိပြီး သားသမီး(၃)ယောက်မိခင်ဖြစ်နေပြီး သားငယ်သည် အသက်(၁၇)နှစ်ရှိပြီး ကျပန်းအလုပ်ကိုသာ လုပ်ကိုင်နေရသည်။ မီမီခိုင်က သူသာ Sex Worker ဖြစ်နေပါစေ သားဖြစ်သူကိုလည်း စက်ရုံမှာပဲဖြစ်ဖြစ်၊ လခစားလေး လုပ်စေချင်ခဲ့တယ်။ သမီးဖြစ်သူမှာလည်း အသက်(၂၅)နှစ် သားသမီးသုံးယောက်မိခင်သာဖြစ်တယ် ဘာစာရွက်စာတမ်းမှမရှိဘဲ အခက်အခဲများစွာနှင့်။ မီမီခိုင်၏ အကြီးမားဆုံးအခက်အခဲမှာ နိုင်ငံသားကတ် ပျောက်ဆုံးနေခြင်းဖြစ်သည်။ မိဘများနှင့်နေစဉ်က မရမ်ကုန်းမြို့နယ်အမည်ပေါက် အိမ်ထောင်စုစာရင်းဖြစ်ပြီး နိုင်ငံသားကတ်သည်လည်း မရမ်းကုန်းအမည်ပေါက် ဖြစ်သည်။ ထိုနောက် ဒေါပုံသို့ပြောင်းရွှေ့သောအခါ အိမ်ထောင်စုအမည်ပေါက်ကိုလဲ ဒေါပြုံမို့နယ်အဖြစ်ရွှေ့ပြောင်းခဲ့ပါသည်။ ဒေါပုံမှအိမ်ကိုရောင်းလိုက်ပြီး ကျိုက်ဝိုင်းသို့ အိမ်ငှါးအဖြစ်ပြောင်းလာခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် ကျိုက်ဝိုင်းသို့ ပြောင်းရွှေ့လာပြီး ဒေါပုံမှ ပုံစံ(၁၀)အထွက်ပါ တစ်ပါတည်းယူလာခဲ့ပါသည်။ မီမီခိုင်သည် နိုင်ကတ်လည်းပျောက် ပုံစံ(၁၀)အထွက်မှာလည်း ဒေါပုံကဖြစ်ပြီး နှစ်ကာလကြာနေပြီ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ သားသမီး၊ မြေးတွေအထိ အထောက်အထား ကလည်းမရှိဖြစ်နေခဲ့သည်။
မိသားစုအားလုံးသည် အိမ်ထောင်စုစာရင်းလုပ်နိုင်ရန်တောင် ကြိုးစားယူရမည်။ အိမ်ပိုင်ဆိုင်မှု အထောက်အထားရနိုင်ရန် ပထမကြိုးစားရပေအုံးမည်။ မည်သည့်အထောက်အထားမရှိ၍ အလုပ် အကိုင်အခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရသည်။ မိသားစု စားဝတ်နေရေးအခက်အခဲများကြောင့် မိမိတစ်ယောက်ထဲ sex worker အလုပ်ဖြင့်သာ ရှာဖွေစားသောက်ခဲ့ကြသည်။ မီမီခိုင်မိသားစု အထောက်အထား ရရှိဖို့ရန် ခက်ခဲမှုများစွာရှိနေသည်။ အမှုသည်သည် အဆောင်တွင်နေခြင်း၊ ဒေါပုံမှ ပုံစံ(၁၀) အထွက်ယူလာသည်မှာလည်း (၁၃)နှစ်ရှိနေခြင်း၊အဆောင်နေဘဝနေထိုင်နေရသောကြောင့် အိမ်ထောင်စုစာရင်းပြုလုပ်ရန် အဆင်မပြေခဲ့ပါ။ ထိုကြောင့်သူမရရှိမှသာ သားသမီးများရရှိနိင်မည်ဖြစ်ပါသည်။
ပိုင်ဆိုင်မှုမရှိသော အခြေခံလူတန်းစားများ၊ အထောက်အထားစာရွက်စာတမ်းများမပြည့်စုံသော တိုင်းရင်းသားများအတွက် နိုင်ငံသားအထောက်အထားဆိုင်ရာစာရွက်စာတမ်းများ ရရှိရေးအတွက်ကို နိုင်ငံတော်မှ တင်းကြပ်သော နည်းလမ်းမှ လျော့ပေါ့စဉ်းစားပေးစေလိုပါသည်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ(၃)တွင် ၁၁၈၅ခုနှစ် ခရစ်သက္ကရာဇ် မတိုင်ခင်ကာလစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင် ၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်ဟူ၍လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၄၅၊က)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူသည် (ခ) ဤဖွဲ့ပုံအခြေခံဥပဒေ အတည်ပြုပြဌါန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်ဟု ပြဌါန်းထားသည်ကို တွေ့ရပါသည်။
ထို့ကြောင့် ဥပဒေပါအချက်များနှင့်အတူ အထောက်အထားမပြည့်စုံသည့် တိုင်းရင်းသားများအတွက် သက်ဆိုင်ရာဌါနဆိုင်ရာများအနေဖြင့် ဖြေလျော့သည့်နည်းလမ်းများရှိပါက အများပြည်သူသိရှိအောင် ကြေငြာချက်များထုတ်သင့်သည်ဟု မြင်မိပါသည်။ လိုအပ်ချက်များရှိပါကလည်း ထပ်မံဖြည့်သွင်းစဉ်းစားပေးပါရန် တိုက်တွန်းလိုက်ရပါသည်။