“ခလုတ်ထိမှ……… အမိတ”
Paralegal – Thin Thin Khaing
မမိုးသဲသည် အဖဦးမြင့်အောင်၊ အမိဒေါ်ညိုတို့မှ ၂ရက်၊ ၇လ၊ ၁၉၉၇ခုနှစ်၊ ရွှေလင်ပန်းကျေးရွာ လှိုင်သာယာမြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ သားသမီးလေးယောက်တွင် ဒုတိယမြောက်သမီးဖြစ်သည်။ သူမငယ်စဉ်ကတည်းက မိဘများမှာ လက်လုပ်လက်စား အခြေခံလူတန်းစားများ ဖြစ်ပါသည်။ ယခုသူမအသက် (၂၂) နှစ်ဖြစ်ကာ ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွားနှင့် ကျန်းမာကြံ့ခိုင်သူဖြစ်ပါသည်။ မမိုးသဲ ၁ဝနှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့် ဆုံးပါးသွားပြီး အတန်းပညာ(၄)တန်းအထိသာ သင်ကြားခဲ့ရသည်။ ဖခင်ဆုံးပြီးနောက်ပိုင်းတွင် မိသားစုစားဝတ်နေရေးအတွက် (၁၃)နှစ်သမီးအရွယ်တွင် စတင် အလုပ်လုပ်ခဲ့ရသည်။ တစ်လလျှင်(၃ဝဝဝဝ)သုံးသောင်းကျပ်ဖြင့် မုန့်တိုက်တွင် အရွယ်နှင့်မလိုက်အောင် ဝင်ရောက်အလုပ်လုပ်ခဲ့သည်။ ထိုအချိန်က အလုပ်အတွက် မည်သည့်အထောက်အထား စာရွက်စာတမ်းမျှ မလိုဘဲ အဆင်ပြေစွာအလုပ်ရခဲ့သည်။
၂ဝဝ၈-၂ဝ၁ဝခုနှစ်အထိ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုအချိန်တွင် မမိုးသဲသည် အသက် (၁၅) နှစ် ရှိသော်လည်း (၁ဝ)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိပါ။ အခြားသူတစ်ဦးထံံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အငှားဖြင့် အလုပ်လျှောက်ခဲ့ရသည်။ ကိုယ်ပိုင်နာမည် မသုံးစွဲနိုင်ခဲ့ပါ။ သူတစ်ပါး၏နိုင်ငံသားစိစစ်ရေးကတ်ပြားကို အငှားဖြင့် သုံးစွဲရခြင်းကြောင့် စတင်ကြုံတွေ့ခဲ့ရသော အခက်အခဲတစ်ခုပင်ဖြစ်သည်။
၂ဝ၁၃ခုနှစ်တွင် ယခင်စက်ရုံသည် လစာနည်းလွန်းသဖြင့် နောက်စက်ရုံတစ်ခုသို့ပြောင်းရွှေ့ရန် အလုပ်ပြောင်းလျှောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်း အခြားတစ်ယောက်ထံမှ ထပ်မံ ငှားရမ်းပြီး အလုပ်ဝင်ခဲ့ရသည်။ အလုပ်ရရှိရန်အတွက် နိုင်ငံသားကတ်ပြားကိုလည်း အနီးစပ်ဆုံး ရုပ်ချင်းဆင်တူသူအား ရှာဖွေငှားရမ်းရသည်။ အလုပ်ရှင်ဘက်မှ ဝန်ထမ်းများအား ကိုယ်ပိုင်နိုင်ငံသား စိစစ်ရေးကတ်ပြားဟုတ်မဟုတ် စစ်ဆေးမေးမြန်းသည့်အခါတွင် စိုးရိမ်စိတ်ဖြင့်နောက်ကျောမလုံဘဲ အလုပ် လုပ်ခဲ့ရသည်မှာ ဒုတိယအခက်အခဲပင်ဖြစ်သည်။ အလုပ်အဆင်မပြေတိုင်း တစ်ရုံမှတစ်ရုံသို့ ပြောင်းရွှေ့ နေရသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားအငှားဘဝဖြင့် အလုပ်လုပ်လာသည်မှာ အသက် (၁၅)နှစ်မှ ယခုအချိန်ထိ (၇)နှစ်ရှိနေပြီဖြစ်သည်။
၂ဝ၁၉ ခုနှစ်တွင် ရွှေလင်ပန်းစက်မှုမြို့အထည်ချုပ်စက်ရုံတွင် လက်ရှိလုပ်နေပြီး ယောင်းမဖြစ်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအားငှားရမ်းပြီး အလုပ်ဝင်ခဲ့ပြန်သည်။ အလုပ်လျှောက်တိုင်း စစ်ဆေးမေးမြန်း ခြင်း၊ အလုပ်ရှင်ဘက်မှကြုံရင်ကြုံသလို ဝန်ထမ်းများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်များကို မေးတတ်သည့်အတွက် မိမိငှားရမ်းလာသည့် ကတ်ပြားပေါ်ရှိအချက်အလက်များကို အလွတ်ကျက်မှတ် ထားရသည်မှာလည်း မမိုးသဲအတွက် တတိယအခက်ခဲဖြစ်ခဲ့သည်။ အလုပ်တစ်ြကိမ်ပြောင်းသည့်အခါတိုင်း သူမကြုံတွေရသည့် အကြီးမားဆုံးပြဿနာတစ်ခုဖြစ်နေသော်ငြား အချိန်ကြာလာသည်နှင့်အမျှ အရေထူ လာပြီး စိုးရိမ်ကြောက်ရ့ွံမှုနည်းပါးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားစိစစ်ရေးကတ်ပြား အငှားဘဝဖြင့် စက်ရုံတစ်ရုံပြီးတစ်ရုံပြောင်းရွှေ့အလုပ်လုပ်ခဲ့ရသည့်ကာလမှာ (၇)နှစ်ကျော်မျှ ကြာမြင့်လာပြီ ဖြစ်သောကြောင့်ပင်။ လက်ရှိ မမိုးသဲအလုပ်လုပ်နေသောစက်ရုံသည် လစာကို ငွေသားထုတ်မပေးတော့ဘဲ ဘဏ်ကတ်ဖြင့်ပေးတော့မည်ဆိုသည့်အချိန်မှ မမိုးသဲသည် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိမဖြစ်လိုအပ် လာသည်။ မမိုးသဲကဲ့သို့ပင် အငှားနိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် အလုပ်လုပ်နေကြသော ဘဝတူစက်ရုံ အလုပ်သမားများသည်လည်း ထိုအခက်အခဲကိုသိလာခဲ့ကြသည်။
မမိုးသဲသည် နိုင်ငံသားကတ်မရှိမဖြစ်လိုအပ်နေသည့်အချိန်တွင် ရပ်ကွက်အထဲသို့ Paralegal အမတစ်ယောက်မှ နိုင်ငံသားဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများနှင့်ပတ်သတ်သည့် ပညာပေးပွဲ ပြုလုပ်ချိန်တွင် သွား၍နားထောင်ခဲ့သည်။ အထောက်အထား စာရွက်စာတမ်းမရှိလျှင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်းမရှိခြင်း၏ အကျိုးအပြစ်များနှင့် လျှောက်ထားမှုလုပ်ငန်း စဉ်များကိုရှင်းပြနေချိန်တွင် သူမကိုယ်တိုင်လည်း သွားရောက်လျှောက်ထားရန် စိတ်အားထက်သန်လာခဲ့ သည်။ နောက်တစ်နေ့တွင် paralegalအမနှင့်ချိန်းဆိုပြီး မိမိ၏အခက်အခဲများကိုပြောပြရာ ထိုအမမှ လိုအပ်ချက်များပြုလုပ်ထားရန်နှင့် လျှောာက်ထားမှုလုပ်ငန်းစဉ်များအား အသေးစိတ် ထပ်မံရှင်းပြခဲ့ပါသည်။ အိမ်ထောင်စုစာရင်းတောင်မှမရှိသေးသော မမိုးသဲတို့မိသားစုသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။ ဖခင်ဖြစ်သူမှာလည်း သေသာသွားသည့်တိုင် မည့်သည့်ကတ်မှ ကိုင်ဆောင်ခဲ့ဖူးခြင်းမရှိပါ။ မိခင်ဖြစ်သူတစ်ဦးတည်းသာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား သည်။ မိခင်ဖြစ်သူ၏အထောက်အထားဖြင့်သာ အိမ်ထောင်စုစာရင်း စတင်လျှောက်ထားရန် ကြိုးစား ခဲ့သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် အိမ်ထောင်စုစာရင်းသည် နံပါတ်တစ် အခြေခံလိုအပ်ချက်ဖြစ်သည်။ ထိုလိုအပ်ချက်များရရှိရန် မမိုးသဲ၏မိခင်သည် “လဝက”ရုံးသို့ သွားရောက်၍ အိမ်ထောင်စုစာရင်းလျှောက်ထားရာ “လဝက”တိုက်နယ်မှုးမရှိသည့်ရက်များနှင့်တိုက်ဆိုင်၍ သုံးကြိမ်တိတိ မလျှောက်ဖြစ်ပဲ ကြန့်ကြာနေခဲ့သည်။ ၂ဝ၁၉ ခုနှစ် (၄)လပိုင်းရောက်မှ (၄)ကြိမ်မြောက် ထပ်မံသွား လျှောက်ရာ တိုက်နယ်မှူးနှင့်တွေ့ဆုံရ၍ ၎င်း၏အခက်အခဲများကိုပြောပြပြီး မိမိစုဆောင်းလာသော စာရွက်စာတမ်းများ ထုတ်ပြကာအကူအညီတောင်းသည့်အတွက် တိုက်နယ်မှူးမှလက်ခံစစ်ဆေး၍ နေချင်းပြီးဆောင်ရွက်ပေးခဲ့ပါသည်။ အိမ်ထောင်စုစာရင်းလက်ခံရရှိခဲ့သည့်အတွက် ပထမအဆင့် အောင်မြင်မှုတစ်ခုဖြစ်သည်။
မမိုးသဲသည် အိမ်ထောင်စုစာရင်းရရှိပြီးသော်လည်း ၎င်းအိမ်ထောင်စုစာရင်းတွင် မမိုးသဲ၏အမည် ပါအောင် ထည့်သွင်းရဦးမည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် သက်ကြီးမွေးတိုး တိုးခွင့်ရမှသာလျှင် နောက်ဆုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားကိုင်ဆောင်နိုင်တော့မည်ဖြစ်သည်။ Paralegal အမမှ သက်ကြီးမွေးတိုးအတွက် လိုအပ်သောအထောက်အထား၊ စာရွက်စာတမ်းများ စုဆောင်းထားရန် ထပ်မံအကြံဉာဏ်များပေးခဲ့ပါသည်။
မမိုးသဲကဲ့သို့ပင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ အမှုအမှတ်မဲ့နေသွားကြမည်ဆိုပါက အနာဂါတ် တွင်ရောက်ရှိလာကြဦးမည့် မျိုးဆက်သစ်များအတွက်ကိုပါ စိုးရိမ်ဖွယ်တစ်ခုပင်။ အဓိကအားဖြင့် မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တန်းတူမရရှိခြင်း၊ နောင်လာမည့် မျိုးဆက်သစ် များအတွက်လည်း အထောက်အထားမရှိခြင်း၊ စီးပွားရေး၊ လူမှုရေး စသည့်အခွင့်အရေးများ ဆုံးရှုံးနိုင် ခြင်းများ တွေ့ကြုံရနိုင်သည်။ မမိုးသဲနည်းတူ စက်ရုံအလုပ်သမားတချို့သည် အခြားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုငှားရမ်း၍ အလုပ်ဖြစ်ရုံလောက်ဘဝမျိုးဖြင့် လုပ်ကိုင်နေကြသည့် လူတန်းစား တစ်ရပ်ကို လှိုင်သာယာရှိစက်ရုံများတွင် တွေ့နိုင်ပါသည်။
အထောက်အထားစာရွက်စာတမ်များလျှောက်ထားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာနတွင် ရပ်ကွက်အလိုက် တာဝန်ယူထားသော တိုက်နယ်မှူးများရှိပါသည်။ တိုက်နယ်မှူးများသည် တစ်ဦးနှင့်တစ်ဦး သဘောထားခြင်းမတူညီကြပါ။ အချို့တိုက်နယ်မှူးများသည် ပြည်သူများ၏ လိုအပ်ချက် အပေါ်မူတည်ပြီး ပြုလုပ်ရမည့်နည်းလမ်းများကို သေချာစွာရှင်းပြပေးသော်လည်း အချို့မှာ တင်းကြပ်သော နည်းလမ်းများကိုသာ သုံးခဲ့ကြသည်။ ထိုသို့မတူညီသည့်အပေါ် တိုက်နယ်မှူးများသည် တစ်ဦးနှင့်တစ်ဦး ကွဲလွဲမှုမရှိ တစ်ပြေးညီလုပ်ဆောင်ပေးပါက ပြည်သူများအပေါ်တွင် ခွဲခြားဆက်ဆံမှုမရှိဟု ပြည်သူများ ဘက်မှ ယုံကြည်လက်ခံလာပြီး ဌာနဆိုင်ရာနှင့်ပြည်သူများအကြားတွင် ဆက်ဆံရေး ပိုမိုအဆင်ပြေ လာစေမည် ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတို့နှင့်အညီ လိုက်ပါဆောင်ရွက်ပေးစေချင်သည်။ “လဝက”ရုံးများတွင် ဝန်ထမ်းအင်အားမလုံလောက်ခြင်းကလည်း ပြည်သူများအပေါ် လျှောက်ထားမှုလုပ်ငန်းစဉ်ကို အသေးစိတ်ရှင်းပြချိန် မရှိခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုအတွက်ကြောင့် “လဝက” ရုံးများတွင်လည်း ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ပေးဖို့ လိုအပ်နေသည်ကိုလည်း ထည့်သွင်းစဉ်းစားရတော့မည်ဖြစ်သည်။
ထိုသို့အခြေအနေများ လျော့ပါးလာစေရန် ပြည်သူများအနေဖြင့်လည်း အထောက်အထား၊ စာရွက်စာတမ်းများ သိမ်းဆည်းရန်အရေးကြီးကြောင်း၊ လိုအပ်ကြောင်း မိမိတွင်မက နောင်မျိုးဆက်များ အတွက်ကိုလည်း အရေးကြီးကြောင်းကို သိထားရမည်ဖြစ်သည်။ “လဝက”အနေဖြင့်လည်း အထောက် အထား၊ စာရွက်စာတမ်းများ မည်မျှအရေးပါကြောင်းကို ပြည်သူများအကြား အကျယ်တဝင့်သိလာစေရန် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်သင့်သည်။ ထိုသို့ပြုလုပ်ရာတွင် ရုံးအဖွဲ့မှ တိုက်ရိုက်ပို့ချသည့် နည်းလမ်းကိုလည်းကောင်း၊ သို့မဟုတ် NGO ၊ CSO ၊ CBO များအား သင်တန်းပေးစေခြင်းဖြင့် ဒေသခံ ရပ်ရွာပြည်သူများအကြား အထောက်အထား၊ စာရွက်စာတမ်းများကို ပို၍တန်ဖိုးထားလာကြမည် ဖြစ်ပါသည်။ ဥပဒေအသိပညာများကိုလည်း ပိုမိုထိရောက်အောင် ပညာပေးလုပ်ဆောင်သင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။